menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်နံနံ စိုက်ပျိုးနည်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
တရုတ်နံနံ ( Celery)
↗️တရုတ်နံနံမှာအရွက်နှင့် အရိုးများကိုပါစားသုံးနိုင်သောဟင်းရွက်ဖြစ်ပါသည်။ စိုက်ပျိုးပြီး(၃-၄)လ ရှိချိန်အရွက်များ(၉-၁၀)လက်မခန့်ရှိချိန်တွင် ဆွတ်ခူးနိုင်ပါသည်။ အရွက်များခူးယူပြီး အပင်ကို နုတ်မပစ်ဘဲဆက်၍ထားပါကမျိုးစေ့ရနိုင်ပါသည်။ အပွင့်များကိုလည်းချက်ပြုတ်စားသောက်နိုင်ပါသည်။
ရာသီဥတု
--------
အလွန်မအေးသောပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အလွန်အေးသောနေရာများတွင် စိုက်ပျိုးပါကဖြစ်ထွန်းမှုနှေးနိုင်ပါသည်။ မျိုးစေ့များစိုက်သည့်အခါ အပူချိန်(၅၅)ဒီဂရီဖာရင်ဟိုက်ထက် နိမ့်လျှင်အပင်ပေါက်နည်းတတ်ပါသည်။ ပူနွေးသောရာသီကိုကြိုက်သောသီးနှံဖြစ်သည့်အတွက် အပူချိန်သင့်တင့်သောရာသီများတွင်စိုက်ပျိုးနိုင်ပါသည်။
မြေပြုပြင်ခြင်း
------------
တရုတ်နံနံပင်သည် မြေချဉ်ငံကိန်း ၇ နှင့်အထက်တွင် ပိုမိုဖြစ်ထွန်းပါသည်။ မြေချဉ်ငံကိန်းနိမ့်လျှင် ဖြစ်ထွန်းမှုညံ့နိုင်ပါသည်။ မြေကို မြေဆွေး၊ နွားချေး၊ ဖွဲပြာ၊ ဓာတ်မြေဩဇာများနှင့် သမအောင်ရောမွှေပြီး ပြင်ထားပါ။ ရေကိုအမြဲစိုနေပါစေ။ ရေအိုင်နေအောင်တော့ရေမပေးရပါ။ အပင်များ(၄)လက်မခန့်ရှိချိန် တွင်(၂)ပတ်လျှင်တစ်ကြိမ် ယူရီးယားမြေဩဇာကို ရေ(၄)ဂါလံတွင် စတီးဇွန်းတစ်ဇွန်းထည့်ဖျော်၍ ဖျန်းပေးပါ။ ပေါင်းမြက်များအမြဲရှင်းပေးပါ။ နှစ်ပတ်ခြားတစ်ကြိမ်မြေဆွပေးပါ။ အပင်ခြေကိုတစ်ဖြည်း ဖြည်းဘောင်တင်ပေးပါ။ တရုတ်နံနံကို ခရု နှင့် ပက်ကျိတို့ လာရောက်စားသောက်တတ်သဖြင့် ခရုနှိမ်ဆေးနှင့်ကာကွယ်ပါ။ သို့မဟုတ် ညဦးပိုင်းခရုများထွက်တတ်သည့်အချိန်တွင် ညှပ်ဖြင့်ကောက်ယူ၍ အဝေးသို့စွန့်ပစ်ပါ။
စိုက်ပျိုးခြင်း
----------
တရုတ်နံနံကို မိုးအကုန်ဆောင်းအကူး၊ ဆောင်းအကုန်နွေအကူး၊ နွေအကုန်မိုးဦးရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့များကို စနစ်တကျမြေပြုပြင်ထားသည့်ပျိုးဘောင်ပေါ်သို့ခပ်ပါးပါးကြဲပါ။ တရုတ်နံနံမှာ အပင်ပေါက်ရာခိုင်နှုန်းနည်းသဖြင့် လတ်လတ်ဆတ်ဆတ်မျိုးစေ့များကိုအသုံးပြုပါ။ မျိုးစေ့များကြဲပက်ပြီးလျှင်ဆန်ကာချထားသောမြေဆွေးအမှုန့်ဖြင့်ခပ်ပါးပါး နှင့် ညီညာအောင်ဖြူးပေးပါ။ မြေဆွေးနှင့်ဖုံးပြီးလျှင် ရေမွှားကောင်းသောပန်းခရားဖြင့် အစိုဓာတ်ညီသွားအောင်ဖျန်းပေးပါ။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်(၂-၃)ပတ်အထိ အစေ့များအညှောင့်မထိုးမချင်း ရေစိုနေပါစေ။ သို့သော် ဗွက်မဖြစ်ပါစေနှင့်။ အပင်ပေါက်လာလျှင် ရေမွှားသေးသေးဖြင့် တစ်နေ့တစ်ကြိမ်သာဖျန်းပေးပါ။ အပင်များထူလွန်းလျှင် နုတ်ပစ်ပါ။ ပျိုးပင်များ(၄-၆)လက်မရှိလာလျှင် ပြောင်း၍စိုက်ပါ။ ပင်ကြား (၆)လက်မ နှင့် တန်းကြား (၉)လက်မခန့်ခွဲစိုက်ပါ။ အပင်စိုက်ပြီး၍ (၃)ပတ်ခန့်ရှိလျှင် အပင်ခြေများတွင် ဖြည်းဖြည်းချင်းမြေဖို့ ပေးပြီး ဘောင်များပြုလုပ်ပေးပါ။ အပင်ခြေတွင်အမြစ်များလုံအောင်ဖုံးပေးပါ။ ရေကိုနပ်အောင် လောင်းပါ။
ရေပေးသွင်းခြင်း
--------------
တရုတ်နံနံမှာ အစိုဓာတ်ကြိုက်သောဟင်းရွက်ပင်ဖြစ်သဖြင့် အပင်ခြေ၌ အမြဲတမ်းအစိုဓာတ်ရအောင် ရေလောင်းပေးပါ။ ၎င်းအပင်သည် အမြစ်တိုသဖြင့် အပင်ခြေများတွင် အမြစ်များမပေါ်အောင် မြေစာ ခဏခဏကျွေးပေးပါ။ အမြစ်များပေါ်နေပါက အပင်ကစုတ်ယူနိုင်သောအာဟာရများ ရေတွင်ပါသွားခြင်း မျိုးဖြစ်တတ်၍ အထူးဂရုပြုပါ။
မြေဩဇာကျွေးခြင်း
-----------------
တရုတ်နံနံမှာ မြေဩဇာစားသုံးမှုများသောဟင်းသီးဟင်းရွက်ပင်ဖြစ်သဖြင့် (၁၅)ပတ်လည် (သို့) (၁၆) ပတ်လည် မြေဩဇာကို နှစ်ပတ်လျှင်တစ်ကြိမ် (၃)ပေပတ်လည် ဧရိယာအတွက် စတီးဇွန်း (၃)ဇွန်း ခန့်ကိုနှံ့အောင်ပက်၍ ရေဖျန်းပေးရပါမည်။ ထို့ပြင် ယူရီးယားမြေဩဇာ စတီးဇွန်း (၂)ဇွန်းစာအား ရေ(၄)ဂါလံနှင့် ဖျော်၍ တစ်ပတ်လျှင်တစ်ကြိမ်ပက်ဖျန်းပေးပါ။
ပိုးမွှား ရောဂါ
-----------
တရုတ်နံနံအရွက်များတွင် မှိုရောဂါကျရောက်တတ်၍ အရွက်များတွင် အစက်အပြောက်ဖြစ်ခြင်း၊ အရွက်များခြောက်သွားခြင်းများဖြစ်တတ်ပါသည်။ ထိုသို့မဖြစ်ရန်အတွက် နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် မှိုသတ်ဆေးဖျန်းပေးရပါမည်။ မဂ္ဂနီစီယမ်နှင့် ထုံးဓာတ်ချို့တဲ့လျှင်လည်း အပင်များဖြစ်ထွန်းမှုနှေးတတ်သဖြင့်အပင်များစိုက်ပြီး နှစ်ပတ်ခန့်ရှိလျှင် အပင်ခြေများကို ထုံးမှုန့်ခပ်ပါးပါးဖြူးပေးရပါသည်။
ဆွတ်ခူးခြင်း
----------
တရုတ်နံနံမှာ စိုက်ပြီး(၄-၅)လရှိလျှင် (သို့မဟုတ်) အပင်များ (၈-၉)လက်မခန့်မြင့်လျှင် ဆွတ်ခူးနိုင်ပါသည်။
Sources : အောင်စိုး(စိုက်ပျိုး)
ဟင်းသီးဟင်းရွက်များစနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်း။