menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ထုံးကန့်ဆေးရည် (Liquid Lime Sulphur)
ဆာလ်ဖာ(ကန့်)ကို ခရစ်တော်မပေါ်မီ နှစ်၁၀၀၀(BC 1000)ခန့်ကပင် အင်းဆက်ပိုးမွှားများ နှိမ်နင်းသုတ်သင်ရန် သုံးစွဲခဲ့ကြသည်။ ခရစ်တော်ပေါ်ပြီး နှစ်၁၀၀(AD 100)ခန့်တွင် လူတို့၏အရေပြားရောဂါများဖြစ်သည့် ပွေး၊ ညှင်းစသည့် မှိုရောဂါများကို ကာကွယ်ကုသရာတွင် သုံးစွဲခဲ့ကြသည်။ ၁၉ ရာစုနှစ်သို့ရောက်လာသည့်အခါ မိုးခေါင်ပူပြင်းသော နှစ်တစ်နှစ်တွင် ပန်းသီးပင်အား အသုံးပြုသည့် ထုံးနှင့်ဒုတ္ထာအရော ဘော်ဒိုမစ်ချာ(Bordeaux Mixture) ဆေးရည်သည် အပင်များကိုလောင်ကျွမ်းစေသဖြင့် ဘော်ဒိုမစ်ချာအစား ထုံးနှင့်ကန့်အရော လိုင်းဆာလ်ဖာ(Lime Sulphur)ကို အစားထိုးသုံးစွဲခဲ့ကြသည်။
၁၉၂၀ ခုနှစ်နောက်ပိုင်းတွင် လိုင်းဆာလ်ဖာ ဖော်စပ်ပုံ/ဖော်စပ်နည်းအမျိုးမျိုး ပေါ်ပေါက်လာခဲ့ပါသည်။ ဖော်စပ်ပုံ/ဖော်စပ်နည်း အမျိုးမျိုးရှိသည့်အနက် ဖော်စပ်ပြုလုပ်ရန်လွယ်ကူပြီး ဆေးအစွမ်းအာနိသင် ပိုမိုထက်မြက်သည့် ထုံးကန့်ဆေးရည် (Liquid Lime Sulphur) ဖော်စပ်ချက်လုပ်နည်းအကြောင်းကို ဖော်ပြပေးသွားပါမည်။
လိုအပ်သောပစ္စည်းများ
--------------------------
1:2:10 Liquid Lime Sulphur
(၁) မဖောက်ထုံး CaO = ၁ = ၁ ပေါင်
(၂) ကန့်မှုန့် S = ၂ = ၂ ပေါင်
(၃) ရေ H2O = ၁၀= ၁ ဂါလံ (ရေ ၁ဂါလံသည် ၁၀ပေါင်လေးပါသည်)
(၄) ရေ ၁ဂါလံဆန့်မြေအိုး
(၅) မွှေရန်သစ်သားယောက်မ
(၆) မီးဖိုနှင့်လောင်စာ
ရှေးဦးစွာ အသုံးပြုရမည့် ထုံးသည် မဖောက်ထုံး(CaO)ဖြစ်ပြီး ဖောက်ပြီးသားထုံးမှုန့်(CaOH) မဟုတ်ကြောင်း သတိပြုရပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံး အရောင်းဆိုင်များတွင် ပေါက်ပြီးသားထုံးမှုန့်များအောက်၌ မပေါက်သေးသည့်ထုံး အတုံးအခဲများကို ရွေးချယ်ဝယ်ယူရပါမည်။ ရလာသည့် မဖောက်ထုံး အတုံးအခဲ (၁)ပေါင်ကို ရေဖြင့်ဖြည်းဖြည်ချင်းပက်ဖျန်း၍ အမှုန့်ဖြစ်အောင်ဖောက်ကာ ဆေးချက်လုပ်ဖော်စပ်ရာတွင် အသုံးပြုရမည်ဖြစ်ပါသည်။
ထုံးကန့်ဆေးရည် ချက်လုပ်နည်း
------------------------------------
မီးဖိုပေါ်တွင် မြေအိုးကိုတင်၍ ရေ(၁)ဂါလံထည့်ပြီး ဆူပွက်အောင်ကျိုပါ။ ဆူပွက်နေသောရေထဲသို့ မဖောက်ထုံး(၁)ပေါင်ကို ဖြည်းဖြည်းချင်းထည့်၍ သစ်သားယောက်မဖြင့်မွှေပေးပါ။ ထုံးအားလုံးပျော်ဝင်သွားလျှင် ဆူပွက်နေသော ထုံးရည်ထဲသို့ ကန့်မှုန့်(၂)ပေါင်ကို ဖြည့်ညှင်းစွာထည့်၍ မွှေပေးပါ။ ကန့်မှုန့်အားလုံးပျော်ဝင်သွားလျှင် ပုံမှန်မီးအားဖြင့် (၄၅)မိနစ်ကြာအောင် အပူပေးကျိုချက်ပါ။ (၁)နာရီထက်ပိုမကြာရန် ဂရုပြုရပါမည်။ ကျိုချက်နေသည့်အချိန်အတွင်း ထုံးရောကန့်ပါ ပြိုကွဲပျော်ဝင်သွားအောင် ယောက်မဖြင့် အဆက်မပြတ် မွှေပေးနေရပါမည်။ ထို့အပြင် ကျိုချက်နေစဉ်အချိန်အတွင်း ရေ(၁)ဂါလံ မျက်နှာပြင်အမှတ် လျော့ကျသွားပါက မူလရေမျက်နှာပြင် အမှတ်ပြန်ရောက်အောင် ရေကိုဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးရပါမည်။ (၄၅)မိနစ်ပြည့်၍ ဆေးရည်ပယင်းရောင် ဖြစ်လာပါက အိုးကိုမီးဖိုပေါ်မှချပြီး အအေးခံရပါမည်။ အအေးခံပြီးလျှင် အောက်တွင်အနည်ထိုင်နေသော မပျော်နိုင်သည့် ထုံးနှင့်ကန့်များမပါအောင် အပေါ်ယံအရည်ကြည်ကို ကဲ့ယူပါက ထုံးကန့်ဆေးရည် (Liquid Lime Sulphur)ကို ရရှိပါသည်။
နောက်တစ်နည်း
------------------
မြေအိုးတွင် ရေ(၁)လီတာခန့်ထည့်၍ မီးဖိုပေါ်တွင် ဆူပွက်အောင်ကျိုပါ။ ဆူပွက်လျှင် ထုံး(၁)ပေါင်ကို ဖြည်းဖြည်းချင်းထည့်ပြီး မွှေပေးပါ။ ထုံးအားလုံးပျော်ဝင်သွားလျှင် ကန့်မှုန့်(၂)ပေါင်ကို ဖြည်းဖြည်းချင်းထည့်ပြီး မွှေပေးပါ။ ထုံးရောကန့်ပါ အားလုံးပျော်ဝင်သွားလျှင် ကျန်သည့်ရေ(၃)လီတာခွဲကို မြေအိုးတွင်ထပ်မံဖြည့်စွက်၍ ဆူပွက်အောင်ကျိုပါ။ အဆက်မပြတ်မွှေပေးပြီး ရေလျော့ပါက ထပ်မံဖြည့်စွက်ပါ။ ဆူပွက်ပြီး (၄၅)မိနစ်အကြာ ဆေးရည်ပယင်းရောင်ပေါက်လာလျှင် မီးဖိုပေါ်မှချပြီး အအေးခံပါ။ အောက်တွင်ထိုင်နေသည့် အနည်များမပါအောင် အပေါ်ယံအရည်ကြည်ကို ငှဲ့၍ကဲ့ယူပါ။
နောက်တနည်း
-----------------
မြေအိုးထဲသို့ ရေ(၁)လီတာခန့်ထည့်ပြီး ထုံး(၁)ပေါင်ကို ဖြည်းဖြည်းချင်းထည့်၍ မွှေပေးပါ။ ထုံးအားလုံးပျော်သွားလျှင် ကန့််မှုန့်(၂)ပေါင်ကို ဖြည်းဖြည်းချင်းထည့်၍ မွှေပါ။ ထုံးရောကန့်ပါ ပျော်ဝင်သွားလျှင် ကျန်သည့်ရေ(၃)လီတာခွဲကို ထပ်မံဖြည့်စွက်ပြီး မြေအိုးကို မီးဖိုပေါ်တင်၍ ဆူပွက်အောင် အပူပေးပါ။ ဆူပွက်ပြီး (၄၅)မိနစ်အတွင်း အဆက်မပြတ်မွှေပေး၍ ရေလျော့ပါက ထပ်မံဖြည့်ပေးပြီး (၄၅)မိနစ်ပြည့်ချိန် ဆေးရည်ပယင်းရောင် ပေါက်လာသည်တွင် မီးဖိုပေါ်မှချပြီး အအေးခံပါ။ အနယ်များမပါအောင် အပေါ်ယံအရည်ကြည်ကို ငှဲ့၍ကဲ့ယူပါ။
CaO+S+H2O = CaS2O3+CaSx (CaS5) = Ca-thiosulphat + Ca-polysulphide
CaSx = CaS2+CaS
သိုလှောင်သိမ်းဆည်းခြင်း
----------------------------
ထုံးကန့်ဆေးရည်ကို လုံခြုံအောင်သိမ်းဆည်း သိုလှောင်ပါက ကာလကြာရှည်စွာ သိုလှောင်သိမ်းဆည်း နိုင်ပါသည်။ လုံခြုံအောင် မသိမ်းဆည်းတတ်ပါက မှိုသတ်စွမ်းအား ပိုးသတ်စွမ်းအားများ လျော့နည်းပျက်ပြယ်သွားနိုင်ပါသည်။ ရရှိလာသော ထုံးကန့်ဆေးရည်ကို အေးသောနေရာတွင် လေလုံဘူးဖြင့် သိုလှောင်သိမ်းဆည်းရမည်။ ပူသောနေရာတွင်ထားပါက အငွေ့ပျံ၍ အာနိသင်ပျက်ပြယ်သွားတတ်သည်။ ဆေးရည်သည်လေနှင့် ထိတွေ့ပါကလည်း H2S ဓာတ်ငွေ့အဖြစ် ပြောင်းလဲပြီး အငွေ့ပျံသွားတတ်သည်။ ထို့ကြောင့် သိုလှောင်မည့်ဆေးရည် မျက်နှာပြင်တွင် ရေနံဆီ၊ စက်ဆီ၊ ဖယောင်းရည် တစ်ခုခုဖြင့် အလွှာပြုလုပ်ဖုံးအုပ်ပြီး သိုလှောင်သိမ်းဆည်းရမည်။
ရှင်းလင်းချက်
----------------
ထုံးကန့်ဆေးရည်တွင် မှိုသတ်စွမ်းအားကောင်းသည့် ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ် အများစုနှင့် ကယ်လ်စီယမ်သိုင်အိုဆာလ်ဖိတ် အနည်းငယ်ပါဝင်သည်။ ထိုအများစုပါဝင်သည့် ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ်ကသာ ပိုးသတ်စွမ်းအား မှိုသတ်စွမ်းအား ရှိခြင်းဖြစ်သည်။ (၄၅)မိနစ်မှ (၁)နာရီအထိ အပူပေးဆူပွက်စေရခြင်းသည် ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ် ဖြစ်ပေါ်စေရန်နှင့် ၎င်းဓာတ်ကိုထိန်းထားနိုင်ရန် ဖြစ်သည်။ (၁)နာရီထက်ကြာအောင် အပူပေးဆူပွက်စေပါက မှိုသတ်စွမ်းအားရှိသည့် ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ်များ ပြိုကွဲသွားမည်ဖြစ်သည်။ ထုံးထည့်ရခြင်းသည်လည်း ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ် ပြိုကွဲမှုကို ထိန်းထားနိုင်ရန်အတွက် ဖြစ်သည်။
သတ်မှတ်ချက်
----------------
ဖော်စပ်ထုတ်လုပ်နည်းများ မတူညီကြသဖြင့် ရရှိလာသည့် ဆေးရည်ပြင်းအားသည်လည်း မတူညီကြပါ။ ထို့ကြောင့် ဆေးရည်ပြင်းအားကို Boume Hydrometer ဖြင့်တိုင်းတာပြီး ပြင်းအားကို Boume ဖြင့်သတ်မှတ်ပါသည်။ ရရှိလာသော Boume အပေါ်မူတည်၍ ရေနှင့်ရောစပ် အသုံးပြုရသည်။ နိုင်ငံခြားဈေးကွက်များတွင်မူ ရေရော၍ အသင့်သုံးနိုင်သည့် Commercial Lime Sulphur များ ထုတ်လုပ်ရောင်းချကြပါသည်။ ကယ်လီဖိုးနီးယား ဈေးကွက်တွင် အပူချိန်(၅၀)ဒီဂရီဖာရင်ဟိုက်ရှိချိန်၌ ဆေးရည်သည် (၃၁-၃၃)Boume အမြဲတမ်းရှိသည်။ အစွမ်းရှိပစ္စည်း Ca-polysulphide အနည်းဆုံး ၂၉% ပါဝင်သည်ဟု ဖော်ပြပါသည်။
တစ်နည်းအားဖြင့် စံချိန်မှီထုံးကန့်ဆေးရည်သည် သိပ်သည်းဆ (Specific Gravity) ၁.၂၈ ရှိရမည်။ ယင်းမှာ ထုံးကန့်ဆေးရည် (၁)ဂါလံသည် (၁၂.၈)ပေါင် အလေးချိန်ရှိရမည်ဟု ဆိုလိုပါသည်။
သတိပြုရန်
-------------
ထုံးကန့်ဆေးရည်သည် ကြေးသတ္တုကို စားစေနိုင်သည့်အတွက် ကြေးနီ/ကြေးဝါဖြင့်ပြုလုပ်ထားသော အိုးကိုအသုံးပြုပြီး ကျိုချက်ဖော်စပ်၍မရပါ.. သံအိုး၊ မြေအိုးစသည်တို့ကိုသာ အသုံးပြုရပါမည်။ ထို့အတူ ကြေးဖြင့်ပြုလုပ်ထားသည့် ဆေးဖျန်းကိရိယာများကိုလည်း အသုံးပြုခြင်းရှောင်ကျဉ်ရပါမည်။
ထုံးကန့်ဆေးရည်သည် ဖော်စပ်ကျိုချက်ပြီးခါစတွင် အာနိသင်အကောင်းဆုံးဖြစ်ပြီး ချက်ချင်းအသုံးပြုနိုင်လေ ကောင်းလေ ဖြစ်ပါသည်။ ကြာရှည်သိုလှောင်ထားလိုပါက အာနိသင်လျော့နည်း ပျက်ပြယ်ခြင်းများမရှိအောင် အထက်တွင် ဖော်ပြပါနည်းများအတိုင်း လုံခြုံစွာ သိုလှောင်သိမ်းဆည်းရပါမည်။
ထုံးကန့်ဆေးရည်သည် ဆွဲကပ်နိုင်စွမ်းအား နည်းပါးသည့်အတွက် ဆေးဖျန်းအသုံးပြုရာတွင် ကပ်ဆေး(Sticker) တစ်မျိုးမျိုးရောစပ် အသုံးပြုသင့်ပါသည်။ သို့သော် ဆပ်ပြာကို ကပ်ဆေးအဖြစ် အသုံးမပြုနိုင်ပါ။
ထုံးကန့်ဆေးရည်ကို အက်စစ်တစ်ခုဖြင့်ဖြစ်စေ၊ ရေပျော်ဓာတ်ဆားတစ်ခုဖြင့်ဖြစ်စေ ထိတွေ့စေပါက အနည်အနှစ်များ ကျလာခြင်း၊ အစွမ်းရှိပစ္စည်း Ca-polysulphide ကိုပျက်ပြယ်စေခြင်း ဖြစ်ပေါ်သဖြင့် အက်စစ်အခြေခံ အပင်ဟော်မုန်းများ၊ ဓာတ်ဆားအခြေခံ အရွက်ဖျန်းမြေသြဇာများနှင့် ရောစပ်ပက်ဖျန်ခြင်း မပြုလုပ်သင့်ပါ။ ထို့ပြင် Bordeaux Mixture,Pyrethroid,Soap,Pb-arsenate စသည်တို့နှင့်လည်း ရောစပ်ပက်ဖျန်းခြင်း မပြုလုပ်သင့်ပါ။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အာဟာရ အာနိသင်(၃)မျိုးရှိပြီးဖြစ်သဖြင့် ထုံးကန့်ဆေးရည်ကို သီးသန့်ပက်ဖျန်း အသုံးပြုခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။
ထုံးကန့်ဆေးရည်သည် အပူချိန် (၈၅)ဒီဂရီဖာရင်ဟိုက် ကျော်လွန်လျှင် အပင်ကိုလောင်ကျွမ်းစေနိုင်သဖြင့် ရွက်နုထွက်ချိန်နှင့် မြေပြန့်အပူပိုင်းဒေသများတွင် ဆေးပြင်းအားပျော့ပျော့ အသုံးပြု၍ အရွက်ကြွေချိန်နှင့် တောင်ပေါ်အအေးပိုင်းဒေသများတွင် ဆေးပြင်းအားများများ အသုံးပြုသင့်ပါသည်။
ဆေးအစွမ်းသတ္တိနှင့် အာနိသင်
----------------------------------
စိုက်ပျိုးရေးဆေးလောကတွင် ရှားပါးလှသည့် ပိုးသတ်အာနိသင်၊ မှိုသတ်အာနိသင်၊ အာဟာရ(ဆာလ်ဖာ)ဖြည့်ဆည်းခြင်းနှင့် အစာချက်အားကောင်းစေခြင်း အာနိသင်(၃)မျိုးကို တစ်ပါတည်းဆောင်ရွက်ပေးနိုင်သည်မှာ ထုံးကန့်ဆေးရည် ဖြစ်ပါသည်။
ထုံးကန့်ဆေးရည်တွင် ပါဝင်သော Ca-polysulphide သည် မှိုရောဂါကို သုတ်သင်နိုင်စွမ်းအားရှိပါသည်။ ဆိုလိုသည်မှာ အပင်အင်္ဂါအစိတ်အပိုင်းပေါ်ရှိ မှိုမျှင်/မှိုစပိုးများကို တိုက်ရိုက်သတ်ပစ်နိုင်သဖြင့် ကုသဆေးအစွမ်းအာနိသင် ရှိပါသည်။
ထို့အပြင် ထုံးကန့်ဆေးရည်သည် ဖျန်းပြီးအချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင် လေအပူရှိန်ကြောင့် Free Sulphur များအဖြစ်ပြိုကွဲပြီး နေရောင်နှင့်ထိတွေ့ကာ အငွေ့ပျံလာပါသည်။ ယင်းအငွေ့သည် အနီးအနားရှိ မှိုမျှင်/မှိုစပိုးများသာမက မလှမ်းမကမ်းရှိ မှိုများကိုပါ ကန့်မှိုင်းတိုက်သလို ဖြစ်စေပါသည်။ ထို့ကြောင့် ထုံးကန့်ဆေးရည်သည် ပက်ဖျန်းပြီး အချိန်ကြာသော်လည်း ကာကွယ်ဆေးအဖြစ် အစွမ်းအာနိသင် ရှိနေပါသေးသည်။
အသုံးပြုရန်နှုန်းထား
-----------------------
ရွက်နုထွက်ချိန်နှင့် အပူပိုင်းဒေသ/ရာသီများတွင် ဆေးနှင့်ရေကို ၁း၁၈၀ နှုန်းရောစပ်အသုံးပြုရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ထုံးကန့်ဆေးရည် (၁၀၀)စီစီရောစပ် အသုံးပြုရမည် ဖြစ်ပါသည်။
အရွက်ကြွေချိန်နှင့် အအေးပိုင်းဒေသ/ရာသီများတွင် ဆေးနှင့်ရေကို ၁း၉၉ နှုန်းရောစပ်အသုံးပြုရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ထုံးကန့်ဆေးရည် (၁၈၀)စီစီရောစပ် အသုံးပြုရမည် ဖြစ်ပါသည်။
ကာကွယ်နှိမ်နင်းနိုင်သည့် ပိုးမွှား/ရောဂါများ
------------------------------------------------
သီးနှံမျိုးစုံတွင် ကျရောက်ဖျက်ဆီးသော မွှားပင့်ကူနီနှင့်အကြေးပိုးများ (Red Spider Mites & Scale Insects)
သီးနှံမျိုးစုံတွင် ကျရောက်သော ဖားဥမှိုရောဂါ (Powdery Mildew)
သီးနှံမျိုးစုံတွင် ကျရောက်သော အရွက်နှင့်ပင်စည် သံချေး/နနွင်းရောဂါ (Leaf Rust & Stem Rust)
သီးနှံမျိုးစုံတွင် ကျရောက်သော ကိုင်းဖျားခြောက်/မှည့်ပြောက်စွန်းရောဂါ (Dieback & Anthracnose)
သီးနှံစုံတွင် ကျရောက်သော ရွက်ပြောက်ရောဂါ (Leaf Spot)
Than Win Agri
Photo : Google