menu

ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရာတွင် သိထားသင့်သည့်ဗဟုသုတများ


🍄🍄🍄🍄🍄🍄🍄🍄🍄🍄

⏭ငွေနှင်းမှိုကို စီးပွားဖြစ်စိုက်ပျိုးကြသကဲ့သို့ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစိုက်ပျိုးထုတ်လုပ်မှုအဖြစ်လည်း စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ထို့ကြောင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရာတွင် နည်းပညာဗဟုသုတ အဖြစ် သိထားသင့်သည်များကိုရေးသားတင်ပြလိုက်ရပါသည်။

▪️ မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။ မှိုထုပ်များထားရှိသော နေရာသည် အပူချိန် (၂၅ -၂၈ ) ဒီဂရီစင်တီဂရိတ်ရရှိ၍ စိုထိုင်းဆ (၈၀)% ရှိရမည်။

▪️ မှိုထုပ်၏ ထိပ်ဝမျက်နှာပြင်ပေါ်ရှိ ပလတ်စတစ်အနာများကို ဓါးသန့်သန့်ဖြင့် လှီးဖြတ်ပြီးလျှင် တစ်ဆင့် နှင့်တစ်ဆင့် (၁ပေခွဲ) အကွာအဝေးရှိသော ဝါးစင်၊ သစ်သားစင်များအပေါ်တွင် အထုတ်များကိုထောင်၍ သော်လည်းကောင်း၊ လှဲ၍သော်လည်းကောင်းထားပါ။ လှဲ၍ထားလျှင်နှစ်ဆင့်ထပ်နိုင်ပါသည်။

▪️ နေ့စဉ် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာရေလောင်းပေးရပါမည်။ ရေလောင်းလျှင် အထုပ်အတွင်း ရေမဝပ်ရန်ဂရုပြုရမည်။ ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်သည်။

▪️ မှိုထုပ်များ စဖွင့်ပြီး (၃-၇) ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာသည်။ (၃-၄) ရက်တွင် ဆွတ်ခူးရန် အသင့်ဖြစ်ပါသည်။

▪️ ဆွတ်ခူးရန်သင့်တော်သောမှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာ နှုတ်ယူရပါမည်။ ချိုးဖဲ့ ဖြတ်တောက်၍ မယူရပါ။

▪️ မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သော ဓါးဖြင့် လှီးပစ်ရပါမည်။

▪️ လှီးဖြတ်ပြီးသော မှိုထုပ်ကို(၄-၅) ရက်ခန့် ရေမလောင်းပဲ ထားရမည်။ ထိုရက်အတွင်းအထုပ်မျက်နှာပြင် တွင် မှိုမျှင်များပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန်တွင်ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက် လာပါသည်။

▪️ ထိုနည်းအတိုင်း မှိုထုပ်၏ အောက်ခြေရောက်သည်အထိ (၃-၅) ကြိမ် စိုက်ပျိုးဆွတ်ခူးရယူနိုင်သည်။

▪️ မှိုထွက်အား ပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ (၆) ကျပ်သားနှင့် တီစူပါ ဓာတ်မြေသြဇာ (၃) ကျပ်သားကို ရေနှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂) ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပေးရပါမည်။ (၆၀) ကျပ်သားရှိသော မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀) ကျပ်သား ရရှိနိုင်ပါသည်။

သိုလှောင်သိမ်းဆည်းခြင်း
----------------------

အစိုသိမ်းဆည်းခြင်း .....

▪️ အပူချိန် (၀) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင်သိုလှောင်ပါက (၂-၃) ပတ်အထိ ထားနိုင်ပါသည်။

▪️ အပူချိန် (၅ -၁၀) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင်သိုလှောင်ပါက (၂-၃)ရက်အထိ ထားနိုင်ပါသည်။

▪️ အပူချိန် (၂၀ - ၂၅)ဒီဂရီ စင်တီဂရိတ်ရှိ အအေးခန်းတွင်သိုလှောင်ပါက (၄-၆) နာရီအထိထားနိုင်ပါသည်။

▪️ ရေခဲခြောက်ဗူးတွင် ထားသိုပါက (၄-၆) နာရီအထိ ထားနိုင်ပါသည်။

▪️ အေး၍ စိုစွတ်သောနေရာတွင်ထားမည်ဆိုပါက (၂-၃) နာရီအထိသာ ထားသိုနိုင်ပါသည်။

အခြောက်သိမ်းဆည်းခြင်း .....

▪️ နေရောင်ခြည်ဖြင့်အခြောက်ခံပါက နေပြင်းပြင်းတွင် (၂) ရက် အခြောက်ခံရပါမည်။

▪️ အခြောက်ခံကိရိယာဖြင့်အခြောက်ခံပါက လေဝင်လေထွက်ရရှိသော အခြောက်ခံကိရိယာတွင် အပူချိန် (၄၁ - ၄၃ )ဒီဂရီစင်တီဂရိတ်တွင် (၁၅) နာရီကြာ အခြောက်ခံရပါမည်။

Source : စိုက်ပျိုးရေးဦးစီးဌာန