menu

ရွက်ဖျန်းမြေဩဇာ အသုံးပြုလျှင် ဂရုပြုရမည့်အချက်များ


🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾

🔸ရွက်ဖျန်းမြေသြဇာများကို သီးနှံမျိုးစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် မိမိတို့သုံးစွဲသော ရွက်ဖျန်းမြေဩဇာများ အလေ့အလွင့်နည်းစေရန်နှင့် အပင်မှ အပြည့်အဝရရှိစေရန် အရေးကြီးပါသည်။ ထို့ကြောင့်ရွက်ဖျန်းမြေဩဇာများပက်ဖျန်းရာတွင် ဂရုပြုရမည့်အချက်များကို ရေးသားတင်ပြအပ်ပါသည်။ ၎င်းအချက်များမှာ .....

(၁) အပူချိန်၊ စိုထိုင်းဆ နှင့် ပက်ဖျန်းရမည့်အချိန်

(၂) မိုးရွာသွန်းမှု နှင့် အစိုဓါတ်အခြေအနေ

(၃) သီးနှံစိုက်ခင်းများလောင်းရိပ်ကျခြင်း တို့ဖြစ်ပါသည်။

(၁) အပူချိန်၊ စိုထိုင်းဆ နှင့် ပက်ဖျန်းရမည့်အချိန်
------------------------------------------
သီးနှံပင်တွေရဲ့အရွက်တွေမှာရှိတဲ့လေရှူပေါက်လေးတွေက မနက်(၉)နာရီမထိုးခင်နဲ့ ညနေနေအေးချိန် တွေမှာပွင့်ပါတယ်။ ထို့ကြောင့်မနက်ပိုင်းနှင့် နေအေးချိန်များတွင် ရွက်ဖျန်းအားဆေးများကိုပက်ဖျန်း အသုံးပြုပါက အရွက်၏လေရှုပေါက်များမှတစ်ဆင့် အာဟာရများ ကောင်းစွာဝင်ရောက်နိုင်သောကြောင့် ရွက်ဖျန်းအားဆေးများဖျန်းရာတွင် နံနက် (၉) နာရီ မတိုင်မီနှင့် ညနေ (၄)နာရီနောက်ပိုင်းတွင် ပက်ဖျန်းသင့်ပါသည်။ နေပြင်းချိန်တွင် အရွက်၏လေရှူပေါက်များ အလုပ်ကောင်းစွာမလုပ်သဖြင့်မဖျန်းသင့်ပါ။ အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်သည် အပင်မှရွက်ဖျန်းမြေဩဇာများ အကောင်းဆုံးစုပ်ယူနိုင်သောအပူချိန်ဖြစ်သဖြင့် ရာသီဥတုပူပြင်းသောအခြေအနေများတွင် ဖျန်းခြင်းရှောင်သင့်ပါသည်။ ထို့အပြင် ရာသီဥတုခြောက်သွေ့ နေသောအချိန်များတွင် ဖျန်းခြင်းကိုလဲ ရှောင်ရပါမည်။

(၂) မိုးရွာသွန်းမှု နှင့် အစိုဓါတ်အခြေအနေ
------------------------------------
ရွက်ဖျန်းအားဆေးဖျန်းပြီး (၂၄) နာရီအတွင်း မိုးမရွာမှသာ ထိရောက်မှုအကောင်းဆုံးဖြစ်နိုင်သည်။ဖျန်းပြီး မကြာမီ မိုးရွာပါက အာဟာရဓါတ်များ မိုးရေနှင့်အတူရောပါပြီးဆုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။ ရွက်ဖျန်းအားဆေးအသုံးပြုရာတွင် မြေဆီလွှာအစိုဓါတ်ကောင်းစွာရှိရန်လည်းလိုအပ်ပါသည်။ အစိုဓါတ် ကောင်းသောမြေတွင် ရွက်ဖျန်းအားဆေး အသုံးပြခြင်းသည် ခြောက်သွေ့သောမြေတွင် အသုံးပြုခြင်း ထက် ပိုမိုထိရောက်မှုရှိပါသည်။

(၃) သီးနှံစိုက်ခင်းများ လောင်းရိပ်ကျခြင်း
------------------------------------
သီးနှံစိုက်ခင်းပတ်ဝန်းကျင်ရှိ အပင်ကြီးများ၏ လောင်းရိပ်ကျသောနေရာများတွင် ရွက်ဖျန်းအားဆေး အပေါ်တုံ့ပြန်မှုနည်းလေ့ရှိပါသည်။ ဥပမာ- ဖော့စ်ဖိတ်ဓါတ်ကို လောင်းရိပ်မကျသောနေရာများတွင် အရွက်မှပိုမိုစုပ်ယူနိုင်ပါသည်။

Sources : နည်းပညာအခြေခံ သီးနှံဖွံ့ဖြိုးရန်