menu

ထယ်ရေးခံ၊ ထွန်ရေးခံ မြေပြုပြင်ကြရန်

💢ထယ်ရေးခံ၊ ထွန်ရေးခံ မြေပြုပြင်ကြရန်💢  
➖🔹➖🔹➖🔹➖🔹➖🔹➖  

☑️မြန်မာ့လယ်ယာခွင်တွင် ရှေးက တောင်သူလယ်သမားကြီးများသည် သီးနှံတစ်ရာသီမစိုက်မီ ထယ်ရေး၊ ထွန်ရေး ဦးစွာခံကြသည်။ မိုးသီးနှံ၊ မိုးကြိုသီးနှံမစိုက်ခင် နွေထယ်ရေးထိုးကြသည်။ ဆောင်းသီးနှံမစိုက်ခင် မိုးနှောင်းထယ်ရေးခံကြသည်။ အထူးသဖြင့် မြေလတ်ဒေသနှင့် အညာဒေသတောင်သူများထက် ယာသမားများက ထယ်ရေးခံမှု၊ ထွန်ရေးခံမှုကို ပို၍အလေးပေးကြသည်။ အဘယ့်ကြောင့်ပါနည်း။ ထယ်ရေးကြိုခံထားခြင်းဖြင့် စိုက်ပျိုးမည့်သီးနှံအတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။  

☑️မိရိုးဖလာစိုက်ပျိုးမှု နည်းစနစ်များကျင့်သုံးရာတွင် ထယ်ရေးခံခြင်းသည် နွေ၊မိုး၊ မိုးကြို၊ မိုးနှာင်း၊ ဆောင်းကြို၊ ဆောင်းနှောင်း ရာသီမပြတ် ပြုလုပ်သင့်ပါသည်။ မိုးနည်းဒေသများတွင် သီးနှံတစ်မျိုး ရိတ်သိမ်းပြီးလျှင် ယာမြေကွက်ကို ပစ်ထားကြသည်။ ထိုသို့ ပစ်ထားသဖြင့် ပူပြင်းသော ဒေသတွင် အပူရှိန်ကြောင့် ယာမြေမှ ရှိသမျှရေဓာတ် အစိုဓာတ်သည် လွင့်ပါးလာမည်။အစိုဓာတ်နည်းလျှင် အပေါ်ယံမြေမျက်နှာပြင် တင်းမာခြောက်သွေ့လာမည်။ မိုးရာသီအစပထမ မိုးလေးရွာလိုက်လျှင် ရွာသွန်းသည့်မိုးရေသည် ပူလောင်ထားသောနေ၏အရှိန်ကြောင့် ဆူပွက်ကျက်ပြီးလျှင် တင်းမာနေသော မြေကျပ်ပိတ်ထဲသို့ စိမ့်ဝင်သွားရန် မတတ်နိုင်တော့ပါ။ တင်းမာသော၊ပြောင်ချောသော မြေမျက်နှာပြင်မှ နိမ့်ရာသို့ စီးကျလျှောဆင်းသွားမည်။ ရေဆုံးရှုံးခံလိုက်ရပြီ။  

☑️ ဤရေသည် အဖိုးတန်ပထမဆုံးရသည့် မိုးရေဖြစ်သည်။ သို့သော် ထယ်ရေး၊ထွန်ရေး ဖွင့်ခံမထားသဖြင့် လက်ဦးအောင်သီးနှံစောစောမစိုက်နိုင်ခြင်း ဖြစ်ရသည်။ ရတောင့်ရခဲ မိုးရေဆုံးရှုံးမှုသာမကယာကွက်ရှိ မြေဆီသြဇာတို့လည်း စီးဆင်းရေနှင့်အတူပါသွားသော ဒုတိယဆုံးရှုံးမှုထပ်မံကြုံရပြန်သည်။ပေါင်းမြက်ပင်များမှာ စိုက်ပျိုးသီးနှံများထက် အကြမ်းဒဏ်ခံနိုင်သဖြင့် ပြောင်ချောမြေစိုတွင် ပေါင်းပင်များ ပေါက်လာမည်။ ပေါင်းထူလျှင် ပိုးမွှားနှင့်ရောဂါ ခိုအောင်းသည့်နေရာ ဖြစ်မည်။ ထယ်ရေးခံမထားခြင်းကြောင့် ဖြစ်လာသမျှ ဆိုးကျိုးများ ဆက်တိုက်လာနေသည်။  

☑️မိုးရွာမှုဖြစ်စဉ်၊ နေပူပြင်းလာမှု မမှန်သည့်ဖြစ်စဉ်တို့ကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ခက်ခဲမှုများစွာကြုံတွေ့နေရချိန်တွင် ထယ်ရေး၊ ထွန်ရေးခံခြင်းသည် ပို၍လိုအပ်သော လုပ်ငန်းဖြစ်ပါသည်။ အစွန်းရောက်ဖြစ်ပေါ်နေသော မိုးလေဝသဖြစ်စဉ်ကို အပြစ်ဖို့ ညည်းညူနေမည့်အစား ဖြစ်ပေါ်ကြုံတွေ့နေကြရသောရာသီဥတုနှင့်အညီ နည်းပညာအသုံးချ၍သီးနှံစိုက်ပျိုးမှုလုပ်ငန်းကို ပုံမှန်ဖြစ်အောင်ကြိုးစားနေကြရပါမည်။

☑️မိုးနှောင်းကာလသည် မိုးရာသီတစ်လျှောက် မိုးရွာမှုမှရရှိသည့် မြေကြီးအစိုဓာတ်သည် နွေနှင့် ဆောင်းထက် ပိုကောင်းသည်။ မိုးနှောင်းထယ်ရေးခံခြင်းသည် အညာနှင့် မြေလတ်တွင် အဓိကစိုက်ပျိုးသော နှမ်း၊ မြေပဲ၊ ပဲမျိုးစုံအတွက် အကျိုးများစွာရှိသည်။ မိုးနှောင်းထယ်ရေး၊ ထွန်ရေး၏ အကျိုးကို အပြည့်အဝခံစားလိုပါက အခွင့်ရတိုင်း၊ လုပ်နိုင်သည့် အချိန်တိုင်း အကြိမ်ကြိမ် ထယ်ရေး၊ ထွန်ရေး ပြုလုပ်ခြင်း၊ ကျမ်းတုံးရိုက်၍ ဖုံးအုပ်ပေးခြင်းဖြင့်အစိုဓာတ်မြေကြီးထဲတွင် ထိန်းသင့်သလောက် ထိန်းထားနိုင်ပါသည်။ ပေါင်းပင်များရှိလျှင် ထယ်ထိုး၊ မြေဖုံး၍ လျော့နည်း သင့်သလောက် လျော့နည်းပြီး မြေဆွေးဖြစ်စေသည်။  
☑️ ထယ်ထိုးခြင်းဖြင့် အထက်မြေလှန်၍ အောက်မြေနှင့် ရောနှောစေခြင်းကြောင့် မြေကြီးသည် နေ၊ လေနှင့် ထိတွေ့ခွင့် အကြိမ်ကြိမ်ရရှိကာ မြေကြီးက သြဇာဓာတ်ကြမ်းတို့သည် အပင်များစားသုံးနိုင်သော သြဇာဓာတ်အဖြစ် မြန်မြန်ပြောင်းလဲစေသည်။မြေတွင်းရှိ အစိုဓာတ်သည် မြေကြီးထဲစိမ့်ဝင်သကဲ့သို့ မြေပေါ်သို့တက်လေ့ရှိပါသည်။ ၎င်းမြေအစိုသည် မြေပေါ်ရောက်သည့်အခါ နေဟပ်ခံရသည်။ တိုက်ခတ်သော လေဟပ်ခံရသည်။ ထယ်ရေးဖွင့်ထားလျှင်၊ ကျမ်းတုံးဖုံးထားလျှင် မြေဆီလွှာအပေါ်ယံ၏ အောက်ခြေ၌ အစိုဓာတ်များ စုနေပြီး စိုက်ခင်းမြေသည် တင်းမာ၍ခြောက်သွေ့မည် မဟုတ်တော့ပါ။

☑️မြေကို မကြာမကြာဆွပေးလျှင် မြေမွမည်။ မြေမွနေခြင်းသည် မိုးရေကို ပို၍ထိန်းထားနိုင်သည်။ သီးနှံမျိုးစေ့ချ စိုက်ချိန်အထိမြေအစိုရှိနေ၍ အပင်ဖြစ်ထွန်းမည်။ မြေထဲသီးနှံစိုက်ပျိုးပြီး မြေသြဇာမဖြည့်ခြင်းသည်မြေရိုင်းတို့၌ နဂိုရှိသော သြဇာဓာတ်သည်ကုန်ခန်းလျော့နည်းလာပြီး လယ်ထွန်ယာလုပ် မှန်မှန်လုပ်၍ ထယ်ရေးလည်းခံ၊ မျိုးလည်းမှန်မှ သီးနှံအကျိုး ခံစား စံစားကြရပါမည်။ ရှေးကလယ်သမားများသည် လယ်ယာထဲသို့ နုန်းမြေများ ဖြည့်ချကြသည်။ ယခုဤသို့ပြုလုပ်မှု နည်းပါးလာပြီ။ ထားဝယ်ဒေသတွင် ရှေးကလယ်တစ်ဧက နုန်းဆယ်တန်ချကြသည်ဟု သိရသည်။  

☑️ မိမိကိုယ်တိုင်ကြုံတွေ့ဖူးသည်မှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ပုဂံဒေသတွင် စပါးစိုက်ပျိုးရန် မြစ်ရေတင်စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် နဂိုမူလ သဲမြေများ၌ ကန်သင်းကန့်၍ မြစ်ရေတင်ပြီး နုန်းမြေထည့်ကာ သဲနုန်းမြေဖြစ်လာမှ စပါးစိုက်ပျိုးမှု အောင်မြင်ခဲ့သည်ကို လောကနန္ဒာတစ်ဝိုက်တွင် ကိုယ်တိုင်ကြုံတွေ့ မြင်တွေ့ခဲ့ရပါသည်။မြေကို ထယ်ရေးခံခြင်းဖြင့် ပေါင်းပင်များ နှိမ်နင်းနိုင်သော်လည်း ထွန်ယက်ခြင်းဖြင့် နှစ်ရှည်ခံပေါင်းပင်များ လျော့နည်း၍တစ်နှစ်ခံပေါင်းပင်များ ပေါက်ရောက်မှု ပိုများလာသည်။  

☑️ ထယ်ရေးမဲ့စနစ် ဆက်တိုက်ကျင့်သုံးလျှင်လည်း နှစ်ကြာသော် တစ်နှစ်ခံပေါင်းပင်များ လျော့နည်း၍ နှစ်ရှည်ခံပေါင်းပင် ပိုများလာသည်ဟု ပေါင်းနှိမ်နင်းရေး ကျွမ်းကျင်သူ မိတ်ဆွေက ပြောပြဖူးသည်။မည်သို့ပင်ဖြစ်စေ ရာသီအလိုက် သီးနှံမစိုက်မီ ထယ်ရေးခံခြင်းသည် ကောင်းသည်။ အထူးသဖြင့် မိုးနှောင်းထယ်ရေးခံခြင်းသည် ဆောင်းစိုက်သီးနှံများအတွက် ပို၍ကောင်းမွန်ပါသဖြင့် ကျင့်သုံးသင့်ပါသည်။ မြေကို မထွန်မယက်လိုပါကလည်းမြေဖုံးပင်များ၊ မြေဖုံးအရွက်၊ အလက်၊ အခက်များဖြင့် မြေကို ဗလာမထားဘဲ ဖုံးအုပ်ထားသင့်ပါသည်။  

- ကိုရဲ(စိုက်ပျိုးရေး)
- မြန်မာ‌တောင်သူကြီးများဂျာနယ်