menu

"ယူရီးယား ဓာတ်မြေဩဇာ" ထိရောက်စွာသုံးစွဲပါ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔸သီးနှံပင်များ၏အရွက်၊ အကိုင်းအခက်၊ ပင်စည်ကြီးထွားရန်လိုအပ်သော နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်း ပါရှိသည့် ယူရီးယား(ပုလဲ)ဓာတ်မြေဩဇာနှင့်ပတ်သက်၍ သိမှတ်စရာမှာ လေလွင့်ဆုံးရှုံးမှုများခြင်း ပင်ဖြစ်ပါသည်။ ၎င်းဓာတ်မြေဩဇာသည် လေထဲသို့အငွေ့ပျံဆုံးရှုံးသည်။ ရေနှင့်တွေ့လျှင်ပျော်ဝင်သည်။ ထို့ကြောင့်သီးနှံအလိုက်လိုအပ်ချိန်၌လိုအပ်သောအချိုးကျထည့်၍ ခွဲကျွေးရသည်။ မြေဩဇာအိတ်ကို ဖွင့်ပြီး လေလုံအောင်ပြန်မပိတ်လျှင် အတုံးအခဲဖြစ်သွားတတ်၍ မြေဩဇာအိတ်များကိုအသုံးပြုပြီး ကျန်နေလျှင် လေလုံအောင်သေချာစွာပိတ်ပေးရပါမည်။ 

🔸သီးနှံခင်းများအတွက် ယူရီးယား ဓာတ်မြေဩဇာကို မြေအစိုဓာတ်လုံလောက်ချိန်တွင် ညီညီညာညာ ထည့်ပေးရပါမည်။ စပါးအတွက် တမန်းထဲတွင်အမြစ်ရှိသောအနီးဆုံးနေရာအထိ မြှုပ်၍ထည့်ကျွေး ရပါသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမာန်များအတွက် တစ်ပင်ချင်းထည့်လိုပါက ယူရီးယား ဓာတ်မြေဩဇာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကိုနွားချေး၊ မြေဆွေး၊ စက်ဖွဲပြာတစ်ခုခုနှင့်ရောပြီး အပင်ခြေပတ်လည်မှ တစ်ပေအကွာတွင် မြေကြီးအောက် (၃-၄)လက်မခန့်အနက် ရောက်အောင်ထည့် ပေးနိုင်မှ လေလွင့်မှုမရှိဘဲပိုမိုထိရောက်ပါမည်။ ဓာတ်မြေဩဇာနှင့်အပင်တိုက်ရိုက်ထိတွေ့လျှင် လောင်ပြီးအပင်သေတတ်သည်။ မြေဩဇာထည့်ပြီးပါကရေဝအောင်လောင်းပေးရသည်။ ပဲမျိုးနွယ်ဝင် ပဲပင်မှန်သမျှ၏အမြစ်ဖုတွင် နိုက်ထရိုဂျင်ဓာတ်ကိုလေထဲမှဖမ်းယူနိုင်သဖြင့် ယူရီးယား ဓာတ်မြေဩဇာ ကိုလိုအပ်မှသာသုံးရပါသည်။

🔸ဤသည်တို့မှာ ယူရီးယား ဓာတ်မြေဩဇာနှင့်ပတ်သက်၍ သိမှတ်စရာအကျဉ်းဖြစ်ပါသည်။ တောင်သူတို့သည် မြေဩဇာများ၏တုံ့ပြန်မှုစွမ်းအားချက်ချင်းပြမှကြိုက်ကြသည်။ ဤအချက်မှာ ယူရီးယား(ပုလဲ)မြေဩဇာတွင်ရှိနေ၍ ၎င်းမြေဩဇာကိုအသုံးပြုမှုများကြသည်။ အသုံးများသည်နှင့် အမျှသီနှံပင်များ ပင်ပိုင်းဆိုင်ရာကြီးထွားပြီးအပွင့်အသီးနည်းလာသည်။ အပင်ဟုန်သွားတတ်သည်။ အပင်နုဖတ်၊ နုဆတ်လာသည်။ ရွက်နုဝေ၍ ပိုးမွှားကျတတ်သည်။ များများသုံး၍ အချိုးမညီလျှင် မြေကြီးအချဉ်ဓာတ် ဖြစ်လာတတ်သည်။

🔸စပါးသီးနှံတွင် ယူရီးယားဓာတ်မြေဩဇာကို စနစ်တကျ၊ အချိုးကျကျမထည့်ပါက ထည့်သွင်းလိုက်သော မြေဩဇာ၏ (၆၀-၈၀) ရာခိုင်နှုန်းအထိ အလေအလွင့်ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့်ငွေကုန်လူပန်း ဖြစ်ကြရ၍ ထိရောက်စွာအသုံးပြုကြရန်လိုပါသည်။ ကြဲကြ၊ပက်ကြ၊ဖြူးကြလျှင် သဘာဝမြေဩဇာ မြေဆွေး၊ နွားချေးဆွေးတို့ဖြင့် ရော၍အသုံးပြုပါ။ စပါးခင်းသည်ရေဖုံးလွှမ်းထားရသဖြင့် အောက်စီဂျင် ဓာတ် နည်းသောအလွှာနှင့် အောက်စီဂျင်ဓာတ်များသောအလွှာဟု မြေလွှာနှစ်ခုဖြစ်ပေါ်နေပါသည်။ စိုက်ခင်းထဲရှိရေထည့်ထားသောပမာဏကိုချိန်ဆ၍ အလွှာနှစ်ခုသည်ထူမှု၊ ပါးမှုပြောင်းလဲဖြစ်တည် နေကြသည်။ ရေထည့်ထားမှုကြာလျှင် အောက်စီဂျင်များသောအလွှာနည်းလာပြီး အောက်စီဂျင်နည်း သောအလွှာ ထူလာ၊ များလာသည်။ 

🔸စပါးခင်းထဲရှိရေထဲသို့ ယူရီးယားဓာတ်မြေဩဇာကျသွားသည်နှင့် ချက်ချင်းအရည်ဖျော်ပြီး ဓာတ်ပြောင်းလဲသွားသည်။ တချို့လေထဲလွင့်ပျောက်သွားသည်။တချို့မြေတွင်တွယ်ကပ်မနေနိုင်ဘဲ မြေကြီးထဲဆင်းသွားသည်။ စပါးပင်၏အမြစ်နှင့်ဝေးသထက်ဝေးသွားကြသည်။ ဤတွင်အောက်စီဂျင် နည်းသည့်အလွှာထူနေလျှင် ဓာတ်ငွေ့ဖြစ်ပြီးလေထဲလွင့်ပျောက်ဆုံးရှုံးရပြန်သည်။ စပါးပင်မှစားရသည် ကနည်းနည်း၊ လေလွင့်မှုကများများဖြစ်ရသည်။ ထို့ကြောင့်ယူရီးယားမြေဩဇာကို စပါးစိုက်လယ်မြေ ထဲသို့ မြေမျက်နှာပြင်အောက်(၄-၆)လက်မအတွင်း ထည့်ခြင်းသည်အကောင်းဆုံးဟု သတ်မှတ်ကြသည်။ သမန်းနှိုးပေးကြရသည်။ ထိုအခါ ရွှံ့နှင့် ဌာပနာလုံးထည့်ပေးသကဲ့သို့ဖြစ်သည်။ 

🔸ယူရီးယားမြေဩဇာကို သဘာဝမြေဩဇာ နွားချေး၊ မြေဆွေး နှင့်ရော၍ထည့်ခြင်းဖြင့် ယူရီးယားမှ ဓာတ်ပြောင်းလဲကာ အမိုးနီးယမ်း အဖိုဓာတ် ( NH 4 +) ဖြစ်သွားပြီးတွယ်ကပ်၍ စပါးပင်မှတဖြည်းဖြည်း ရရှိသဖြင့်အလေအလွင့်နည်းသည်။ တစ်ချို့ကနည်းနည်းနှင့်အကြိမ်ကြိမ်များများထည့်ကြသည်။ တစ်ချို့က နောက်ဆုံးမြေပြင်ထွန်ရေးဝင်ချိန်နှင့် စပါးအပင်ပွားချိန်၊ မှို့ကပ်ချိန်စသဖြင့် သုံးကြိမ်ခွဲ၍ ကျွေးကြသည်။ ကန်သင်းမလုံလျှင်သွင်းရေ၊ ထုတ်ရေနှင့်စီးဆင်းပါသွားသဖြင့် ကန်သင်းကို နှစ်စဉ်ပြုပြင် ရသည်။ ကန်သင်းမြှင့်ရသည်။ သီးနှံအလိုက် ထည့်သွင်းပေးရမည့်အချိုးနှုန်းထား နှင့် အကြိမ်များကို ဂရုပြုပေးရပါမည်။ ထို့ကြောင့်ယူရီးယား(ပုလဲ)ဓာတ်မြေဩဇာကို အသုံးများကြသလို အသုံးမများဖို့လည်းသတိပြုရန်လိုအပ်ပါသည်။ 

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸 

Sources : ကိုရဲ (စိုက်ပျိုးရေး)