menu

အညာဒေသများ မိုးလယ်ကာလ မိုးရွာသွန်းနိုင်မှုအခြေအနေ


🌾🌿🌧🌿🌾🌧🌾🌿🌧🌿🌾

🔸 မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဇူလိုင် မိုးလယ်ကာလအတွင်း မိုးရွာသွန်းမြဲသာ ရှိနိုင်ပြီး ပုံမှန်နေ့အပူချိန်များထက် ပိုမိုပူပြင်းနိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။

🔸 မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအတွက် ၂၀၂၀-၂၀၂၁ခုနှစ်အတွင်း လာနီညာသက်ရောက်မှု အသင့်အတင့်ရှိနိုင်ခြင်းကြောင့် အညာဒေသတွင်မိုးလယ်ကာလ၌ ပုံမှန်မိုးရွာသွန်းမြဲခန့်သာ ရွာနိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ 

🔸 "၂၀၂၁ ဇွန်၂၈ရက်နေ့က ဂျပန်မိုးလေဝသဌာန၊တိုကျိုရာသီဥတုဗဟိုဌာနရဲ့ခန့်မှန်းချက်တွေအရ ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာလခန့်မှန်းချက်တွေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဝဲစနစ်တွေပုံမှန်ထက် ပိုဖြစ်နိုင်တာတွေ့ရပါတယ်။ အယ်လ်နီညို၊ လာနီညာရာသီထူးခြားမှုတွေမရှိပေမယ့် အားအသင့်အတင့်ရှိတဲ့ ၂၀၂၀-၂၀၂၁ လာနီညာ သက်ရောက်မှုတော့ ရှိနိုင်ပါတယ်။ အညာဒေသရဲ့ မိုးရွာသွန်းမှု လွန်ကဲတာမျိုးတွေဖြစ်တဲ့ မိုးနည်းလွန်းတာ၊ မိုးများလွန်းတာမျိုးတွေကအယ်လ်နီညို၊ လာနီညာ နှစ်တွေမှာ ပိုဖြစ်ခဲ့တာ တွေ့ရတယ်။ ဌာနရဲ့မိုးလယ်ကာလခန့်မှန်းချက်မှာ မိုးလယ်ကာလ ရွာသွန်းမြဲခန့်ရွာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ မန္တလေး၊ စစ်ကိုင်း ၊မကွေးတိုင်းများအတွက် အပူချိန်တော့ လာမယ့်သုံးလမှာ ပုံမှန်အပူချိန်ထက် ပိုနိုင်ပါတယ်။အဲ့ဒီလတွေမှာ နေ့အပူချိန်မြင့်မားရန် ၈၀ ရာခိုင်နှုန်းသေချာမှုရှိပါတယ်” ဟု ၎င်းက ပြောသည်။

🔸 ဆည်ရေသောက်ဒေသများအတွက် မိုးရေရရှိမှု အဆင်ပြေသော်လည်း မိုးကောင်းသောက် စပါးစိုက်ဒေသများအတွက် ဇူလိုင်မိုးရွာသွန်းမှုမှာ စိုက်ခင်းများအတွက် ပိုမိုအဆင်ပြေကြောင်း ၊ လက်ရှိအချိန်တွင် မေလ မိုးဦးမိုးနှင့်အတူ မိုးမြေပဲ ၊ပဲစင်းငုံနှင့် မိုးနှမ်းများကို စိုက်ပျိုးပြီးဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက ပြောသည်။

🔸 “ရွှေဘိုဒေသ မိုးကောင်းသောက် ယာမြေဒေသတွေမှာ မေလဆန်း မိုးဦးနှင့်အတူ ဇွန်လအထိ မိုးမြေပဲနဲ့ပဲစင်းငုံကို စိုက်ပျိုးပြီးဖြစ်ပါတယ်။ မိုးနှမ်းစိုက်ဒေသတွေလည်း ရှိပါတယ်။ အဓိကတော့ မိုးဦးရွာသွန်းမှုမိုးနဲ့ စိုက်တာများပါတယ်။ ဇူလိုင်မိုးမှာတော့ အဓိက မိုးစပါးစိုက်ပျိုးရာသီဖြစ်တော့ မြေပြုပြင်တာ ပျိုးခင်းရေယူတာတွေလုပ်နေပါပြီ။ မိုးကောင်းသောက် လယ်မြေတွေမှာတော့ ဇူလိုင်မိုးနဲ့အတူ အခြောက်ကြဲ စိုက်နိုင်ရန် ပြင်ဆင်နေပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာတော့ မိုးရွာသွန်းမှုနည်းပြီး ဇူလိုင်မိုးက မြေပဲစိုက်ခင်းတွေကို ပျက်စီးစေသလို ရှိတယ်။ သို့သော်လည်း မိုးကောင်းသောက်စိုက်ခင်းတွေ အတွက်တော့ အဆင်ပြေစေပါတယ်။ ဇူလိုင်လမှာ မိုးရွာသွန်းမှုကောင်းတာမျိုးကတော့ ငါးနှစ်တစ်ကြိမ်လောက်ကြုံရပါတယ်။ ရွှေဘိုဒေသအတွင်းမှာ မိုးကောင်းသောက် စပါးစိုက်ပျိုးမှု ဧက ၂၉,၀၀၀ လောက်ရှိပါတယ်” ၎င်းကပြောသည်။ 

🔸 မကွေးတိုင်းအတွင်းမှာလည်း မေလ နောက်ပိုင်း မိုးနှင့် အတူ နှမ်း စိုက်ပျိုးမှုများထားကြောင်း နှင့် မိုးနှမ်းအထွက်နှုန်းကောင်းမွန်လာနိုင်ကြောင်း မြေပဲ ၊နှမ်း မျိုးစေ့အရောင်းကိုယ်စားလှယ်ထံမှ သိရသည်။ 

Sources : ရွှေမန်း - The Farmer Media