menu

အရောင်းအဝယ်အေးနေသည့် ပဲ၊ နှမ်းစျေးကွက်


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

➡️ပြည်တွင်းဒေါ်လာ နှင့် ရွှေဈေးများ မတည်ငြိမ်ဖြစ်ကာ ဈေးကျဆင်းလာမှုကို ကုန်သည်များ စောင့်ကြည့်နေခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ရုတ်တရက်အေးကာ ဈေးအနည်းငယ်စီ ကျဆင်းသွားကြောင်း ပဲ၊နှမ်းကုန်သည်များက ပြောကြားသည်။

➡️ယင်းကဲ့သို့ဈေးကျဆင်းမှုမှာ ခဏစောင့်ကြည့်သည့်အခြေအနေသာဖြစ်ပြီး ပြန်လည်မြင့်တက်လာမည့် အနေအထားရှိကြောင်းနှင့် လက်ရှိတွင် စားဆီဈေးများ ဈေးဆင်းမှုနှင့်အတူ မြေပဲဆံဈေးသည်လည်း အနည်းငယ် ကျဆင်းသွားကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

➡️"ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အကုန်ဈေးအေးသွားပါတယ်။ နှမ်းဈေးတွေကတော့ ဈေးအရမ်း ကျဆင်းသွားပါတယ်။ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၃၀,၀၀၀- ၄၀,၀၀၀ လောက် ကျဆင်းသွားတယ်။ ပို့ကုန်ပဲတွေက အဝယ်ကောင်းကောင်း မရှိတော့ပါဘူး။ ကုန်စည်ဒိုင်တစ်ခုလုံးမှာ အရောင်းအဝယ် လုပ်နေတဲ့ ပဲ၊ ပြောင်း၊ နှမ်းအားလုံး ဈေးကျပါတယ်။ ဈေးကွက်တစ်ခုလုံး အေးသွားရတာကတော့ ဒေါ်လာဈေး၊ ရွှေဈေး မတည်ငြိမ်လို စောင့်ကြည့်တဲ့သဘောပါ။ ခဏလောက် ကျဆင်းတဲ့အခြေအနေ ဖြစ်လို့ ဈေးပြန်တက်လာနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘

ပြည်တွင်း ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ပို့ကုန်ပဲများ အဝယ်မရှိသလောက် ရပ်သွားပြီး ဈေးကျဆင်းသွားရာ မတ်ပဲတစ်အိတ် ကျပ် ၁၉၅,၀၀၀- ၁၉၈,၀၀၀၊ ပဲစင်းငုံ တစ်အိတ်ကျပ် ၁၉၅,၀၀၀ ဝန်းကျင်နှင့် အရောင်းအဝယ် အေးလျက်ရှိသည်။ တရုတ်လိုင်းသို့ တင်ပိုသည့် ပဲတီစိမ်းမှာတော့ အမြင့်ဆုံးတစ်အိတ် ကျပ် ၁၆၀,၀၀၀ ပေါက်ဈေး ရှိနေသည်။ ပို့ကုန်ပဲများအားလုံး သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ ခန့်ထိ ဈေးကျပြီး အဝယ်အေးနေသည်။

🥜မြေပဲ🥜

ပြည်တွင်းသို့တင်သွင်းနေသည့် စားဆီဈေးကျဆင်းလာမှုကြောင့် မြေပဲဆံဈေး အနည်းငယ် ကျဆင်း သွားရာ ပို့ကုန် မြေပဲ S1 လုံးဆံများမှာ တစ်ပိဿာကျပ် ၆,၈၀၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၆,၅၀၀ သို့ ဈေးအနည်းငယ်ကျဆင်းသွားသည်။ ပြည်တွင်း ဆီဆံအမျိုးအစားမှာ ကျဆင်းမှုမရှိပဲ တစ်ပိဿာ ကျပ် ၆,၅၀၀ ပေါက်ဈေး ရှိနေသည်။

➡️ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများလည်း ဈေးကျဆင်းသွားသည်။ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၅,၀၀၀ မှကျပ် ၂၀,၀၀၀ ခန့် အထိ ဈေးကျဆင်းသွားရာ စက်တင်ဘာ (၁၅) ရက်တွင် ကုလားပဲV2 တစ်အိတ်ကျပ် ၂၀၈,၀၀၀၊ ပဲယင်း တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ပဲထောပတ် တစ်အိတ်ကျပ် ၁၇၂,၀၀၀၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၆၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၁၀,၀၀၀ ဈေးရှိနေသည်။

Sources : ရွှေမန်း