menu

“အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်”


🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

⏩ ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားအုပ်စုပဲများ ဈေးကွက်အတွင်း အရောင်းသွက်နေပြီး တင်ပိုခွင့်ပိတ်ထားသည့် မြေပဲဆံမှာလည်း အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

⏩ နှမ်းနက်မှာ တရုတ်နိုင်ငံမှ ဝယ်လက်များ ပြန်လည်ဝယ်ယူလာခြင်းကြောင့် ယခုသီတင်းပတ်တွင် အရောင်းအဝယ်ပြန်သွက်လာပြီး ကုလားပဲအုပ်စုမှာ နိုင်ငံခြင်းတင်ပို့မှုအတွက် ယခုသီတင်းပတ်အတွင်း ဈေးကောင်း အဝယ်လိုက်လာကာ ပဲမာလိုင်းများမှာ ပြောင်းလဲမှုမရှိပဲ ပုံမှန်ဈေးကွက်သာရှိကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

⏩ "တရုတ်ပို့ကုန်လမ်းကြောင်း ပြန်ကောင်းလာလို့ နှမ်းနက်ထိပ်စတွေ အဝယ်ပြန်လိုက်လာလို့ သုံးတင်းတစ်အိတ် ကျပ် ၂၂၀,၀၀၀ - ၂၃၀,၀၀၀ ထိပေါက်ဈေးရှိလာပါတယ်။ လက်ကျန်ပစ္စည်းလည်း နည်းပါတယ်။ အလတ်စတွေသာ လက်ကျန်များနေတာပါ။ မြေပဲဆံဈေးတွေကတော့ ထိပ်စ တစ်ပိဿာကျပ် ၄,၀၀၀ - ၄,၁၀၀ ပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းအညာတွေကတော့ ဈေးငြိမ်နေပါတယ်။ ကုလားပဲအုပ်စုကတော့ ပြည်ပပို့ဖို့ အဝယ်လိုက်လာနေကာ V7 က သုံးတင်းဝင်တစ်အိတ် ၁၅၀,၀၀၀၊ V2 ကုလားပဲသုံးတင်းတစ်အိတ် ကျပ် ၁၄၄,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းတစ်အိတ် ကျပ်၁၂၆,၀၀၀ ပေါက်ဈေးဖြစ်လာတယ်"ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
--------------------

ပို့ကုန်ပဲများတွင် ပဲတီစိမ်းဈေးကွက်မှာ ဆက်လက်အရောင်းအဝယ်သွက်နေပြီး မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ် ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်အဝယ်လိုက်လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဈေးကောင်းလာခြင်းဖြစ်သည်။ မေ(၁၈) ရက်တွင် မတ်ပဲ တစ်အိတ် ကျပ် ၁၃၈,၀၀၀၊ ပဲစင်းငုံတစ်အိတ်ကျပ် ၁၂၇,၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ ပဲတီစိမ်းအညာတစ်အိတ် ကျပ် ၁၃၈,၀၀၀ ပေါက်ဈေးရှိနေသည်။

မြေပဲ
----

မြေပဲဆံကို ပြည်ပတင်ပို့မှုပိတ်ထားသော်လည်းပြည်တွင်း ဆီစက်ပိုင်များ အဝယ်လိုက်နေသဖြင့် တစ်ပိဿာ ကျပ် ၄,၀၀၀ ကျော်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလ (၁၈) ရက်တွင် S1 မြေပဲဆံ တစ်ပိဿာ ကျပ် ၄,၀၀၀ - ၄,၁၀၀ ပေါက်ဈေးဖြစ်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၈,၅၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၈,၀၀၀ ရှိပြီး စားအုန်းဆီမှာ တစ်ပိဿာ ကျပ် ၇,၀၀၀ ကျော် ပေါက်ဈေးသာရှိပြီး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မရှိကြောင်းသိရသည်။ လက်ရှိအသစ် ဝင်ရောက်နေသည့် အညာမြေပဲဆံများမှာလည်း ဧရာဝတီမြစ်ရေတက်လာခြင်းကြောင့် မြေပဲစိုက်ခင်းများတွင် ပျက်စီးမှုများရှိကြောင်း ကျွန်းစိုက်ခင်းများမှ တောင်သူများထံမှသိရသည်။

⏩ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲ V2 ကျပ် ၁၄၄,၀၀၀ ဖြင့် တစ်အိတ်လျှင် ကျပ် ၄,၀၀၀ မြင့်တက်လာပြီး ပဲယင်းမှာ တစ်အိတ် ကျပ် ၁၃၅,၀၀၀ ကျပ်သို့ ကျဆင်းသွားသည်။၊ ပဲကြီးတစ်အိတ် ကျပ် ၁၉၅, ၀၀၀ ဖြင့် တစ်အိတ်ကျပ် ၅၀၀၀ ဈေးမြင့်တက်လာပြီး၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၁၃၀,၀၀၀ ဖြင့် ဈေးငြိမ်နေသည်။ စွန်တာပြာမှာလည်း တစ်အိတ် ကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၆၀,၀၀၀ တိုဖြင့် ဈေးငြိမ်နေပြီး၊ ကျွန်းစားတော်ပဲမှာမူ တစ်အိတ်ကျပ် ၂၆၅,၀၀၀ ဖြင့် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ ဝန်းကျင် ဈေးတက်လာသည်ကို တွေ့ရသည်။

Sources : ရွှေမန်း (The Farmer Media)