menu

အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံစျေးကွက်


🌿🫘🥜🌿🫘🥜🫘🌿🥜🫘🌿

✅ပဲမျိုးစုံစျေးကွက်မှာ ယခုသီတင်းပတ်အတွင်း အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် စျေးနှုန်း အနည်းငယ်စီမြင့်တက်လာကြောင်း နှင့် ကျွန်းစားတော်ပဲမှာမူ တစ်အိတ်ကျပ် ၃၀၀,၀၀၀ အထိ ပေါက်စျေးရှိလာကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ပို့ကုန် ကုန်လမ်းကြောင်းတွင် အားကောင်းလာခြင်း ကြောင့် စျေးကွက်အတွင်း ကုလားပဲများမှာအမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ အသီးသီး စျေးမြင့်တက်လာကြောင်းသိရသည်။

✅အခြားပို့ကုန်ပဲများတွင် မတ်ပဲမှာ လက်ကျန်နည်းပါးနေသဖြင့် စျေးအနည်းငယ်မြင့်တက်လာပြီး စျေးကွက်အတွင်း စားအုန်းဆီပြန်လည်ဝင်ရောက်လာခြင်းကြောင့် မြေပဲဆံစျေးမှာမူ အနည်းငယ် ကျဆင်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

✅“ပဲနှမ်းစျေးကွက် တစ်ခုလုံးအရောင်းအဝယ်ကောင်းနေပေမယ့် အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၁,၀၀၀-၂,၀၀၀ ခန့်သာစျေးမြင့်တက်လာပါတယ်။ ကုလားပဲအုပ်စုကလည်း လက်ကျန်နည်းလာတော့ စျေးနည်းနည်းမြင့်တက်လာတယ်။ မြေပဲဆံစျေးကတော့ စားအုန်းဆီစျေးကွက်ထဲရောက်လာတော့ တစ်ပိဿာကျပ် ၁၀၀-၁၅၀ လောက် စျေးကျသွားပါတယ်။ ပို့ကုန်ပဲတွေမှာ မတ်ပဲစျေးက ၁၅၃,၀၀၀-၁၅၅,၀၀၀ စျေးနဲ့အဝယ်သွက်ပေမယ့် စျေးကတော့ထင်သလောက်တက်မလာပါဘူး။ ပဲတီစိမ်း အညာတွေဆိုရင် တစ်အိတ် ၁၄၀,၀၀၀ ပေါက်စျေးဖြစ်လာပါတယ်။ ပြည်တွင်းသုံးပဲမာလိုင်းကတော့ စျေးငြိမ်နေပါတယ်။ တရုတ်ပို့ကုန်လမ်းကြောင်းကောင်းလာတော့ ပဲစျေးကွက် အရောင်းအဝယ်သွက်နေပါတယ်။ ကျွန်းစားတော်ပဲကတော့ ထူးထူးခြားခြား တစ်အိတ်ကျပ် ၃၀၀,၀၀၀ အထိပေါက်စျေးဖြစ်လာ ပါတယ်” ဟု ၎င်းကပြောသည်။

🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘

ပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်းမှာ ပုံမှန်အရောင်းအဝယ်ငြိမ်နေရာမှ ပို့ကုန်လမ်းကြောင်းများ ကောင်းလာခြင်း ကြောင့် အဝယ်သွက်လာသည်။ ပို့ကုန်ပဲများမှာ အမြင့်စျေးတွင်ရပ်တန့်နေခြင်းဖြစ်ပြီး ဇွန်လ(၂၂) ရက်နေ့ တွင် ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၀,၀၀၀ ခန့်ဖြင့် စျေးတည်ငြိမ်နေသည်။ မတ်ပဲမှာ တစ်အိတ် ကျပ် ၁၅၅,၀၀၀-၁၅၆,၀၀၀ ၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်ကျပ် ၁၅၄,၀၀၀ ပေါက်စျေးဖြစ်လာရာ ယခင် သီတင်းပတ်ထက် စျေးအနည်းငယ်မြင့်တက်လာသည်။ ပဲမျိုးစုံတွင် မတ်ပဲတစ်မျိုးသာ ပဲလက်ကျန် နည်းလာတာကြောင့် စျေးမြင့်တက်လာခြင်းဖြစ်သည်။

🥜မြေပဲ🥜

ပြည်တွင်းစျေးကွက်သို့ စားအုန်းဆီများပြန်လည်ဝင်ရောက်လာသဖြင့် စျေးမြင့်တက်နေသည့် မြေပဲဆံမှာ အနည်းငယ်စျေး ပြန်လည်ကျဆင်းလာသည်။ ဇွန်လ(၂၂) ရက်တွင် S1မြေပဲဆံတစ်ပိဿာလျှင် ကျပ် ၄,၂၀၀ - ၄,၃၀၀ စျေးသို့ ကျဆင်းသွားသည်။ အနီလုံးဆံနှင့်အခြားအမျိုးအစားများမှာ တစ်ပိဿာ ကျပ် ၄,၂၀၀ နှင့်အောက်တွင် ပေါက်စျေး ရှိနေသည်။

✅ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူးတစ်အိတ် ကျပ် ၁၅၄,၀၀၀ ရှိကာ ကုလားပဲအမျိုးအစား အလိုက် တစ်အိတ် ၂,၀၀၀ - ၃,၀၀၀ကျပ် ဈေးမြင့်တက်လာပြီး၊ ပဲယင်းတစ်အိတ်ကျပ် ၁၃၅,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၁၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၃,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၉၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၀၀,၀၀၀ အသီးသီးပေါက်စျေးရှိကြောင်းသိရသည်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း