menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံတိုးမြှင့် တင်သွင်းမည်။
🧿အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံတိုးမြှင့် တင်သွင်းမည်🧿
🔹အိန္ဒိယအစိုးရက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ကိုတာစနစ်ဖြင့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံတိုးမြှင့် တင်သွင်းခွင့်ပြုလိုက်ကြောင်း ပဲမျိုးစုံကုန်သည်များထံမှ သိရသည်။ အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ဝယ်ယူမည်ဟု သီးခြားမပါရှိ သော်လည်း မတ်ပဲတင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို မြန်မာ့ထံမှ အများဆုံးဝယ်ယူ နေခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။
🔹အိန္ဒိယအစိုးရက ၂၀၁၉-၂၀ ဘဏ္ဍာ နှစ်အတွင်း မတ်ပဲတင်သွင်းခွင့် ကိုတာကို ယခင်က တန်ချိန် ၁၅၀၀၀၀ သာ သတ်မှတ်ထားရာမှ ပဲလိုအပ်ချက်မြင့်မားလာခြင်းကြောင့် နောက်တိုး တန်ချိန် ၂၅၀၀၀၀၊ စုစုပေါင်း တန်ချိန်လေးသိန်းကို တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။အိန္ဒိယပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့် စင်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ တင်သွင်းခွင့်ကိုတာများ ခွဲဝေချပေးမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များ ကိုတာလျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့ အရောက်တင်သွင်းရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
🔹အိန္ဒိယဗဟိုအစိုးရ၏ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ ၂၀၁၇ ခုနှစ်ကစ၍ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲကို ပြည်ပကုန်သွယ်မှုညွှန်ကြားရေး ဦးစီးဌာနက ကိုတာတန်ချိန်လေးသိန်းအထိသာ အများဆုံးတင်သွင်းမည်ဟု ကန့်သတ် ခဲ့သည်။ သို့သော် အဆိုပါကန့်သတ်မှုသည် အိန္ဒိယအစိုးရက နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် ပြည်နယ်အစိုးရများကလက်မှတ်ရေးထိုးထားရှိသည့် နားလည်မှုစာချွန်လွှာများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အမိန့်ကြေညာစာကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန် အသိပေး ထားသည်။လက်ရှိ အိန္ဒိယအစိုးရက မတ်ပဲ ထပ်တိုးတန်ချိန်နှစ်သိန်းခွဲ ပေးလိုက်သည့် သတင်းကြောင့် ပြည်တွင်း၌ ရက်ပိုင်းအတွင်း တစ်တန်လျှင် ကျပ်၁၁၀၀၀၀ ကျော် ဈေးတက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဝင်းပွဲရုံပိုင်ရှင် ဦးရဲမြင့်က ပြောသည်။
🔹“မတ်ပဲတန်ချိန် စုစုပေါင်းလေးသိန်းမှာ မြန်မာကပဲ တင်သွင်းဖို့ အလားအလာများတယ်။ ကမ္ဘာမှာ မတ်ပဲတင်ပို့နေတဲ့ နိုင်ငံသုံးနိုင်ငံပဲရှိတာ။ မြန်မာက အိမ်နီးချင်းလည်းဖြစ်တော့ အဆင်ပြေဆုံးလည်းဖြစ်တယ်။ “မနှစ်ကလည်း မြန်မာကပဲ အများဆုံးဝယ်ယူသွားတာဖြစ်တယ်။ သူတို့ သတ်မှတ်လိုက်တဲ့ မတ် ၃၁ ရက်နောက်ဆုံးကတော့ ပြည်တွင်းမှာလည်း အဲဒီအချိန်လောက်ဆိုရင် ပေါ်တဲ့အချိန်ဖြစ်လို့ တင်ပို့ဖို့ အခက်အခဲသိပ်မရှိလောက်ပါဘူး။ လက်ရှိမှာလည်း ပြည်တွင်းမှာ ပဲမျိုးစုံလက်ကျန်တန်ချိန်တစ်သိန်းဝန်းကျင်လောက်ပဲ ရှိတော့တယ်”ဟု ပြောသည်။ အိန္ဒိယနိုင်ငံအတွင်း စက်တင်ဘာလ အတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ပဲစိုက်ဧကများ ပျက်စီးခဲ့သည့်အတွက် ယခင်ချမှတ်ထားသည့် ကန့်သတ်များကို ကျော်လွန်၍ ပြည်ပက ထပ်တိုးတန်ချိန်သတ်မှတ်၍ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
🔹မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက “ အိန္ဒိယကလိုအပ်ချက်အရတော့ မြန်မာနိုင်ငံက ဝယ်ယူနေဦးမှာပါပဲ။ ဒါပေမယ့် အိန္ဒိယမှာ ပေါက်နေတဲ့ဈေးနှုန်းအတိုင်းတော့ မြန်မာက မရရှိဘူး။ အမြဲတမ်း တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ ကနေ ၂၅၀ ကြား ဈေးကွာဟတယ်။ သူတို့ဝယ်ယူတာ အားကောင်းတဲ့အခါမှာ ပြည်တွင်းမှာ ဈေးနှုန်း တက်လာပြီးတော့ ဝယ်ယူမှုနည်းလာတဲ့အခါမှာ ဈေးနှုန်းကျဆင်းလာတဲ့ အလှုပ် အခတ်တော့ ရှိတယ်။ သင်္ဘောပြန်တင်မယ့်ရက်တွေဆိုရင်တော့ ဈေးက မြောက်လာပါတယ်“ဟု ပြောသည်။
🔹အိန္ဒိယတွင် ပဲသီးနှံပျက်စီးမှုဧက များပြား နေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် မတ်ပဲလိုအပ်ချက် ကြီးလာနိုင်ပြီး တင်သွင်းခွင့် ပိုမိုများပြားလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။အိန္ဒိယ၌ ၂၀၁၉ ခုနှစ် မုတ်သုံရာသီ ကာလ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပဲမျိုးစုံစိုက်ဧက ဟက်တာ ၁၁ သိန်းခန့် ပျက်စီးခဲ့ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပဲမျိုးစုံတန်ချိန် သိန်း ၂၅၀ ကျော် ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၂၃၀ ခန့် သာ ထုတ်လုပ်နိုင်ခဲ့၍ တန်ချိန် သိန်း ၂၀ ခန့် လျော့နည်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။
🔹လက်ရှိ ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲအဟောင်းတစ်တန်လျှင် ကန်ဒေါ်လာ ၇၀၀ မှ ၈၀၀ ကြား၊ အခွံချွတ် အလုံးခြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၁၀၀၀ မှ ၁၉၀၀ ကြား၊ အခွံပါအခြမ်း တစ်တန်လျှင် ကန်ဒေါ်လာ ၇၂၀ မှ ၉၀၀ ကြား အသီးသီးရှိနေသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၆၄ သန်းကျော်တွင် မတ်ပဲတန်ချိန်ခြောက်သိန်းကျော် ပါဝင်ပြီး ကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိ ထားကာ ယခင်နှစ်ထက် တန်ချိန်သုံးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။မြန်မာ့ပဲမျိုးစုံကို ဝယ်ယူနေသည့် အိန္ဒိယကုမ္ပဏီပေါင်း ၁၁၀၀ ခန့် ရှိပြီး တင်ပို့နေသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀၀ခန့်ရှိနေေကြာင်းသိရသည်။
- နီနီအောင်
- မြန်မာတောင်သူကြီးများဂျာနယ်။