menu

အိန္ဒိယနှင့် တရုတ်တို့ ဝယ်ယူနေခြင်းကြောင့် ပဲစင်းငုံ၊ ကုလားပဲ၊ နှမ်းဈေးနှုန်းအနည်းငယ် မြင့်တက်



မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ဝယ်ယူနေခြင်းကြောင့် ပြည်ပပို့ကုန် ပဲအမျိုးအစားဖြစ်သည့် ပဲစင်းငုံ၊ ကုလားပဲနှင့် နှမ်းဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ 

ပဲစင်းငုံ 
------- 

အိန္ဒိယနိုင်ငံက တန်ချိန်လေးသိန်းတင်သွင်းရန်ရှိသဖြင့် ကုန်သည်များက ပြည်တွင်းဈေးကွက်အတွက် ဆက်တိုက်ဝယ်ယူနေသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်နေသည်။ အောက်တိုဘာလဆန်းပိုင်းတွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၇၀၀၀မှ ကျပ် ၈၈,၀၀၀ ရှိရာမှ အောက်တိုဘာ ၁၆ ရက် နောက်ပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဈေးသို့ မြင့်တက်လာသည်။ အိန္ဒိယက သူတို့ဆီကို တင်ပို့ဖို့အတွက် ပေးတဲ့ရက်ကနည်းတယ်။ ကုန်သည်တွေကလည်း ပြည်တွင်းဈေးကို အတက်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် ပြည်တွင်းဈေးနှုန်းက တက်ဖို့မရှိဘူး။ ကျဖို့ကလည်း အိန္ဒိယနိုင်ငံက လိုအပ်ချက်ရှိတဲ့အတွက် ထပ်ဝယ်ဖို့ကသေချာသလောက်ရှိတယ်။ ကျဖို့ကမရှိနိုင်ဘူးဟု ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ 

နှမ်း 
----- 

တရုတ်ယွမ်ငွေလဲလှယ်နှုန်း ကျဆင်းနေသော်လည်း တရုတ်နိုင်ငံက ဝယ်ယူမှုများပြားခြင်းကြောင့် နှမ်းဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်။ အောက်တိုဘာ ၂ ရက်တွင် နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀မှ ကျပ် ၁၁၅,၀၀၀ ကြားရှိရာမှအောက်တိုဘာ ၁၆ ရက် နောက်ပိုင်းတွင် ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ ကြားသို့ မြင့်တက်လာသည်။ အလားတူ နှမ်းနက်(စမုန်) မှာလည်း ယခင်ကတစ်အိတ် လျှင် ကျပ် ၁၈၅၀၀၀ မှ ကျပ် ၁၉၅,၀၀၀ ကြားမှအောက်တိုဘာ ၁၆ ရက်နောက်ပိုင်းတွင် ကျပ် ၂၀၀,၀၀၀မှ ကျပ် ၂၀၃,၀၀၀ကြားသို့ မြင့်တက်လာသည်။ နယ်ပေါင်းစုံတွင် နှမ်းအသစ်များပေါ်နေ သော်လည်း တရုတ်နိုင်ငံက လိုအပ်ချက်မြင့်နေခြင်းနှင့် ပြည်ပတင်ပို့ အရည်အသွေးမီသည့် နှမ်းမျိုး နည်းပါးခြင်းကြောင့် လက်ရှိဈေးထက် အနည်းငယ်မြင့်တက်လာနိုင်ခြေရှိကြောင်း ကုန်သည်များက ခန့်မှန်းသည်။  

ကုလားပဲ 
--------- 

အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းပဲခွဲစက်များက ဝယ်ယူမှုကြောင့်အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်း မှာလည်း အနည်းငယ်မြင့်တက်နေသည်။ အောက်တိုဘာလဆန်းပိုင်းတွင် ကုလားပဲဖြူအလုံးကြီး သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၉၃,၀၀၀ ရှိရာမှ အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းတွင် ကျပ် ၉၇,၀၀၀ သို့မြင့်တက်လာသည်။ အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းတွင် ကုလားပဲဖြူလုံးသုံးတင်းဝင် တစ်အိတ် လျှင် ကျပ် ၉၇,၀၀၀ မှ ကျပ် ၉၈,၀၀၀ ကြား၊ ကုလားပဲ (ထိုင်ဝမ်) တစ်အိတ်လျှင် ကျပ် ၈၈,၀၀၀ မှ ကျပ် ၈၉,၀၀၀ ကြား၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ မှ ကျပ် ၉၆,၀၀၀ ကြား ပေါက်ဈေးရှိသည်။ 

ထောပတ်ပဲ 
----------- 

မြန်မာနိုင်ငံမှ ပဲများကို အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ဝယ်ယူနေခြင်းကြောင့်အရောင်းအဝယ် သွက်လက်ကာ ဈေးနှုန်းအနည်းငယ်မြင့်တက်နေသည်။ အောက်တိုဘာ ၂ ရက်တွင်ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၇,၀၀၀ မှ ကျပ်၅၈,၀၀၀ ကြားပေါက်ဈေးရှိရာမှ အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းတွင် ကျပ် ၆၅,၀၀၀ သို့ မြင့်တက်လာသည်။ အဝယ်ဆက်တိုက်ရှိနိုင်သဖြင့် ဈေးနှုန်းမကျ ဆင်းနိုင်သေးကြောင်း သိရသည်။  

ပဲဇီးကွက် 
--------- 

တရုတ်နိုင်ငံက ခပ်စိပ်စိပ်ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ်မြန်ဆန်ပြီး ဈေးနှုန်းမှာမြင့်တက် လျက်ရှိသည်။ အောက်တိုဘာ ၂ ရက်တွင် ပဲဇီးကွက်သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၈,၀၀၀ မှ ကျပ် ၆၀,၀၀၀ ကြားသာရှိရာမှ အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းတွင်ကျပ် ၇၂,၀၀၀ မှ ကျပ် ၇၃,၀၀၀ ကြားအထိ မြင့်တက်လာသည်။ ဈေးနှုန်းမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေသဖြင့် ဆက်လက် တက်နိုင်ခြေနည်းပါးကြောင်း ကုန်သည်များက ပြောသည်။ 

မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၉-၂၅)ရက်။