menu

အိန္ဒိယနိုင်ငံမှ ပဲဝယ်လိုအားမြင့်တက်လာနိုင်


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✅မြန်မာ့ပဲမျိုးစုံစျေးကွက်၏ အဓိကဝယ်လက်ဖြစ်သောအိန္ဒိယနိုင်ငံတွင် မုတ်သုံမမှန်၊ ရာသီဥတု ဖောက်ပြန်မှုများကြောင့် စိုက်ခင်းများပျက်စီးခဲ့ရာ မြန်မာနိုင်ငံမှ ပဲဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။ အိန္ဒိယအစိုးရသည် ၂၀၁၇ ခုနှစ်ကစပြီး ပဲတင်သွင်းခွင့်ကို ခွဲတမ်းစနစ်ဖြင့် ကန့်သတ်ခဲ့သော်လည်း ၂၀၂၁ခုနှစ် မေလတွင် ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ပြီး အောက်တိုဘာလကုန်ထိ ပြည်ပမှပဲမျိုးစုံကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့သည်။

✅သို့သော်လည်း အိန္ဒိယနိုင်ငံတွင် ယခုနှစ်မုတ်သုံရာသီအတွင်း မိုးများလွန်းကာ ရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် မိုးနှောင်းအလွန်ကောင်းခြင်းတို့‌ကြောင့် မိုးစိုက်ပဲများပျက်စီးခဲ့သဖြင့် ၎င်းအစိုးရကပဲတင်သွင်းခွင့် ကာလအား ဒီဇင်ဘာလအထိသတ်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။ 

✅ထို့အပြင် မြန်မာနိုင်ငံ၊ မိုဇမ်းဘစ်နိုင်ငံတို့နှင့် အစိုးရချင်း နားလည်မှုးစာချွန်လွှာ MoU များရေးထိုးပြီး ပြည်ပနိုင်ငံကနေ ပဲမျိုးစုံတင်သွင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ နှစ်စဉ်မတ်ပဲတန်ချိန် ၂၅၀,၀၀၀ နှင့် ပဲစင်းငုံတန်ချိန် ၁၀၀,၀၀၀ ကို ဘဏ္ဍာနှစ် ငါးနှစ်ဆက်တိုက် ဝယ်ယူရန်သဘောတူညီထားပြီး ယင်းသဘောတူညီချက်အရ လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မတ်လ ၃၁ရက်အထိ အိန္ဒိယက မတ်ပဲ နှင့် ပဲစင်းငုံတန်ချိန် ၃၅၀,၀၀၀ ကို MoU အရလည်း ဝယ်ယူမည်ဖြစ်သည်။

✅ပြည်ပပဲစျေးများသည် ငွေလဲနှုန်းနှင့်တိုက်ရိုက်ဆက်နွယ်နေခြင်းကြောင့် လက်ရှိဒေါ်လာနှင့် ကျပ်ငွေ လဲနှုန်းအရ လာမည့်ဒီဇင်ဘာအထိ ပို့ကုန်ပဲစျေးနှုန်းများ ကျဆင်းရန်မရှိကြောင်း ပို့ကုန်ပဲကုန်သည်များ က ခန့်မှန်းထားသည်။ ပြည်တွင်းဒေါ်လာစျေးများ စံချိန်တင်မြင့်တက်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်း တွင် မတ်ပဲနှင့်ပဲစင်းငုံစျေးနှုန်းများ အမြင့်စျေးတန်းသို့ ရောက်ရှိခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တရားဝင်ငွေလဲနှုန်းအရ ၁၇၉၀ ကျပ် ဝန်းကျင်တွင် ရှိခြင်းကြောင့် ပြည်တွင်းပဲစျေးနှုန်း များမှာ ဒေါ်လာစျေးအကျနှင့်အတူ ကျဆင်းခြင်းဖြစ်သည်။

✅၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် နှစ်သန်းကျော်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တင်ပို့ရောင်းချခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။

✅ပဲမျိုးစုံဈေးကွက်သတင်းများကို ပဲစိုက်တောင်သူများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)