menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယပြည်နယ်အစိုးရများ ၏ ခွင့်ပြုမိန့်ဖြင့် ပဲမျိုးစုံ ဆက်လက်တင်သွင်းခွင့်ရနေ
✅အိန္ဒိယဗဟိုအစိုးရက ကိုတာသတ်မှတ် ချက်အသစ် ထပ်မံထုတ်ပြန်မပေးခင်အချိန်တွင် ပြည်နယ်အစိုးရများ၏ ဒေသန္တရခွင့်ပြုမိန့်ဖြင့် ပဲမျိုးစုံကို တင်သွင်းခွင့် ဆက်လက်ပေးထားကြောင်း ကုန်သည်များထံမှသိရသည်။ အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံတကာက ကိုတာစနစ်ဖြင့် မတ်ပဲ၊ ပဲတီစိမ်း တန်ချိန်သုံးသိန်းနှင့် ပဲစင်းငုံတန်ချိန်လေးသိန်းတင်သွင်းမှုမှာ ပြည့်မြောက်သွားပြီး ဖြစ်သော်လည်း စက်တင်ဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ပဲသီးနှံများ ပျက်စီးခဲ့ရသည့်အတွက် ပြည်နယ်အစိုးရများက လိုအပ်ချက်ကို ဖြည့်ဆည်းရန် တင်သွင်းခွင့်ပြုနေခြင်းဖြစ်သည်။
✅မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးကအိန္ဒိယရဲ့အခေါ်အဝေါ်အရ Stay orderလို့ခေါ်တဲ့ ပြည်နယ်အစိုးရခွင့်ပြုမိန့်နဲ့ ဝယ်ယူနေတယ်။ ဗဟိုအစိုးရက ကိုတာကန့်သတ်ချက်ထားပေမယ့် ပြည်နယ်အစိုးရကတော့ လိုအပ်ချက်အရ တင်သွင်းခွင့်ပြုနေတဲ့သဘောပေါ့။ ဒါပေမယ့် အိန္ဒိယမှာ ပေါက်နေတဲ့ ဈေးနှုန်းအတိုင်းတော့ မြန်မာက မရရှိဘူး။ တစ်တန်ကို ကန်ဒေါ်လာ ၂၀ဝ ကနေ ၂၅၀ ကြား ဈေးအမြဲတမ်းကွာဟတယ်။ အခုရက်ပိုင်းမှာတော့ မတ်ပဲတစ်တန်ကို ကျပ် ၁၁၆၀,ဝဝဝ ကျော်ပေါက်တယ်။ အရင်က ၁၃ သိန်းကျော်လောက် ပေါက်ခဲ့တယ်။ သူတို့ဝယ်ယူတာ အားကောင်းတဲ့အခါ ပြည်တွင်းမှာ ဈေးနှုန်းတက်လာပြီးတော့ ဝယ်ယူမှုနည်းလာတဲ့အခါမှာ ဈေးနှုန်းကျဆင်းလာတဲ့ အလှုပ်အခတ်တော့ရှိတယ်။ သင်္ဘောပြန်တင်မယ့်ရက်တွေဆိုရင်တော့ ဈေးကမြင့်တက်လာပါတယ်“ဟု ပြောသည်။
✅အိန္ဒိယတွင် ပဲသီးနှံပျက်စီးမှုဧက များပြားနေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် မတ်ပဲလိုအပ်ချက် ကြီးလာနိုင်ပြီး တင်သွင်းခွင့်များလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။ “အိန္ဒိယက အဓိကတင်သွင်းမယ့် ပဲတွေကို ကိုတာစနစ်ဆက်လက်ကျင့်သုံးမယ့်သဘောရှိတယ်။ ဆက်လက်ကျင့်သုံးမယ်ဆိုရင် မြန်မာက တောင်သူတွေ စိုက်ပျိုး ထွက်ရှိချိန်ဖြစ်တဲ့ မတ်ပဲက မတ်လမှာ၊ ပဲတီစိမ်းက ဖေဖော်ဝါရီလနဲ့ ပဲစင်းငုံက ဇန်နဝါရီ လတွေမှာ ထွက်ရှိတော့ ဒီကာလမှာ ကိုတာ စနစ်ပိတ်ထားတာမျိုးရှိရင် တောင်သူတွေဈေးရနည်းနိုင်တဲ့ စိုးရိမ်မှုတော့ ရှိတယ်။
✅အဓိကတော့ ၂၀၂၀ ပြည့်နှစ်မှာ မတ်ပဲ လိုအပ်ချက်က ကြီးလာနိုင်မယ်ဆိုတာ ငြင်းလို့မရနိုင်ပေမယ့် ကိုတာစနစ် ဆက်လက် ကျင့်သုံးဦးမယ်ဆိုတာလည်း သတိပြုရပါမယ်။ တောင်သူကတော့ ရွေးချယ်စိုက်ကြ မှာပါ“ဟု ဦးမင်းကိုဦးက ဆက်လက်ပြောသည်။ လက်ရှိတွင် အိန္ဒိယဗဟိုအစိုးရသို့ ပဲတင်သွင်းခွင့်ပေးရန် အိန္ဒိယကုန်သည်များက တောင်းဆိုတင်ပြမှုများရှိနေခြင်းကြောင့် ကိုတာခွဲတမ်းကာလကို ထပ်မံသက်တမ်း တိုးရန်ရှိေနကြောင်း ကုန်သည်များက ပြောသည်။
✅ဘုရင့်နောင်ရှိ ဝင်းပွဲရုံပိုင်ရှင် ဦးရဲမြင့်က “ကိုတာသက်တမ်းကုန်နေပေမယ့် ပြည်နယ်အစိုးရက သွင်းခွင့်ပေးထားတယ်။ ဒီလ ၁၉ ရက်မှာသင်္ဘောတင်ဖို့ရှိတယ်။ အခု တစ်လော အရောင်းအဝယ်ကတော့ဖြစ်ပါတယ်။ ပြည်တွင်းမှာ မတ်ပဲက တန်ချိန်တစ်သိန်းလောက်၊ ပဲစင်းငုံက တန်ချိန်ငါး သောင်းလောက် လက်ကျန်ရှိနိုင်သေးတယ်။ ပဲတီစိမ်းက တစ်နှစ်ပတ်လုံး အဝယ်ရှိနေတော့ လက်ကျန်မရှိတော့ဘူး။ လက်ရှိ ပြည်တွင်းမှာ မတ်ပဲ ၈၀ ရာခိုင်နှုန်းလောက် စိုက်ပြီးကြပြီ။ တောင်သူတွေကတော့ မတ်ပဲ မှ မတ်ပဲဖြစ်နေတာ၊ ဆောင်းသီးနှံအနေနဲ့ လည်း ဒါပဲစိုက်စရာရှိတာ“ဟု ပြောသည်။
✅လက်ရှိ ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲအဟောင်းတစ်တန်လျှင် ကန်ဒေါ်လာ ၇၄၀ မှ ၇၆၀ ကြား၊ အခွံချွတ် အလုံးခြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၁ဝ၆၀ မှ ၁ဝ၉၀ ကြား၊ အခွံပါအခြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၉၂၅ ဒေါ်လာမှ ဒေါ်လာ ၉၅၀ ကြား၊ ပဲတီစိမ်းအညာ တစ်တန်လျှင် ကန်ဒေါ်လာ ၇၅၀ မှ ၈၀ဝကြား၊ ပခုက္ကူတစ်တန်လျှင် ကန်ဒေါ်လာ ၇၈၀ မှ ၈၃၀ ကြား၊ ရွှေဝါအသေးတစ်တန်လျှင် ကန် ဒေါ်လာ ၈၅၀ မှ ၈၇၅ ဒေါ်လာကြား၊ ရွှေဝါ အကြီးတစ်တန်လျှင် ကန်ဒေါ်လာ ၉၅၀ မှ ၁ဝဝဝ ကြား၊ အခွံပါလုံးသေးအခြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၉၄၀ မှ ၁ဝ၅၀ ကြား၊ အခွံချွတ်အလုံးကြီးတစ်တန်လျှင် ကန်ဒေါ်လာ ၁ဝဝဝ မှ ၁ဝ၂၀ ကြား အသီးသီး ဈေးရှိနေသည်။
✅ပဲစင်းငုံအဟောင်း အနီတစ်တန်လျှင် ကန်ဒေါ်လာ ၅၆၀ မှ ၅၈၀ ကြား၊ အဖြူတစ်တန်လျှင် ကန်ဒေါ်လာ ၅၆၀ မှ ၅၈၀ ကြား၊ ဖြူနီတစ်တန်လျှင် ကန် ဒေါ်လာ ၆၁၀ မှ ၆၃၀ကြား အသီးသီးရှိနေသည်။ကုလားပဲလုံးကြီး တစ်တန်လျှင် ကန်ဒေါ်လာ ၅၆၀ မှ ၅၇၀ ကြား၊ ပဲလွမ်းဖြူတစ်တန်လျှင် ကန်ဒေါ်လာ ၅၀ဝ မှ ၅၂၀ ကြား၊ မြေထောက်ပဲတစ်တန်လျှင် ကန်ဒေါ်လာ ၉၅၀ မှ ၉၈၀ ကြား၊ ပဲလွမ်းနီတစ်တန်လျှင် ကန်ဒေါ်လာ ၅၀ဝ မှ ၅၃၀ ကြား၊ ပဲထောပတ်တစ်တန်လျှင် ကန် ၈၂၅ ဒေါ်လာမှ ၈၅၀ ကြား၊ ပဲယင်း တစ်တန်လျှင် ကန်ဒေါ်လာ ၅၅၀ မှ ၅၈၀ ကြားအသီးသီးရှိနေသည်။
✅အိန္ဒိယအစိုးရက ၂၀၁၇ ခုနှစ်မှစ၍ ကိုတာစနစ်ဖြင့် စတင်ကျင့်သုံးခဲ့ရာ ယနေ့ အချိန်အထိ ကျင့်သုံးလျက်ရှိသည်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄သန်းကျော်၊ ကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ထက် တန်ချိန်သုံးသိန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ယခင်နှစ်က ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၃၂ သန်းကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၈၈၆ သန်းကျော် တင်ပို့ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄ သန်းကျော်၊ ကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားခြင်းကြောင့် တန်ချိန်သုံးသိန်းကျော်၊ ကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပိုမိုရရှိထားကြောင်း သိရသည်။
✅၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းတန်ချိန် ၄၇၀ဝဝဝ ကျော်၊ မတ်ပဲ တန် ချိန်ခြောက်သိန်းကျော်၊ ပဲစင်းငုံတန်ချိန် ၁၈၀ဝဝဝ ကျော် အသီးသီးတင်ပို့နိုင်ခဲ့သည်။မြန်မာ့ပဲမျိုးစုံကို ဝယ်ယူနေသည့် အိန္ဒိယကုမ္ပဏီပေါင်း ၁၁၀ဝ ခန့် ရှိနေသလို တင်ပို့နေသည့် မြန်မာကုမ္ပဏီပေါင်း ၁ဝဝဝခန့် ရှိနေသည်။လက်ရှိ မြန်မာ့ပဲဈေးကွက်အတွင်း လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ခုနှစ်အတွင်း ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများသည် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ထိုသို့ ဈေးကျဆင်းခြင်းမှာလည်း အိန္ဒိယ၏ ပဲစိုက်ဧကတိုးတက်လာခြင်းအပြင် မူဝါဒအပြောင်းအလဲများအဖြစ် အခွန်များ တိုးကောက်ခြင်း၊ ကိုတာသတ်မှတ်ခြင်း၊ မိုဇမ်ဘစ်နိုင်ငံနှင့် စာချုပ်ချုပ်၍ ပဲဝယ်ခြင်း စသည့်အပြောင်းအလဲများကြောင့် ဖြစ်သည်။
-နီနီအောင်
-မြန်မာတောင်သူကြီးများဂျာနယ်