menu

အမိုနီယမ်ဆာလဖိတ်မြေဩဇာအကြောင်း အသိပေးထုတ်ပြန်ချက်


🌾🌿🌱🌿🌾🌱🌾🌿🌱🌿🌾

⏩အမိုနီယမ်ဆာလဖိတ်မြေဩဇာသည် အပင်မှအများအပြား လိုအပ်သည့် အဓိကအပင်အာဟာရဓါတ်နိုက်ထရိုဂျင် (၂၁%) နှင့် အပင်မှ အနည်းငယ်သာ လိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ(၂၄%)ပါဝင်ပြီး ရေတွင်ပျော်ဝင်လွယ်သော ဓာတုမြေဩဇာတစ်မျိုး ဖြစ်ပါသည်။ 

⏩စိုက်ပျိုးထုတ်လုပ်မှု၌သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှု နည်းပါးစေရန်အတွက် သုံးစွဲသူတောင်သူများအနေဖြင့် ၎င်းမြေဩဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိ နားလည်ရန် လိုအပ်ပါသည်။ နိုက်ထရိုဂျင် အာဟာရဓါတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ် ဆာလဖိတ်မြေဩဇာကိုနှုန်းမြှင့်မားစွာ အသုံးပြုပါက အပင်မှလိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက် ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။

⏩အမိုနီယမ်ဆာလဖိတ် မြေဩဇာတွင် ဆာလဖာပါဝင်မှု မြင့်မားခြင်းကြောင့် မြေကိုချဉ်စေသော သတ္တိရှိသဖြင့် မြေငံများနှင့်မြေငံရှိသော ဒေသများတွင်သာ သုံးစွဲရန်သင့်တော်သော ဓာတ်မြေဩဇာ အမျိုးအစားဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့် အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလ်ဖိတ်မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်‌မြေဩဇာများထက် မြေချဉ်စေသော အက်ဆစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငံကိန်း(၅.၅) အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာ အချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

⏩တောင်သူများအနေဖြင့် ၎င်းမြေဩဇာကိုသုံးစွဲမည်ဆိုပါက မိမိတို့ စိုက်ပျိုးမြေ၏မြေချဉ်ငံကိန်း၊ စိုက်ပျိုးမည့်သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေးပညာရှင်များ နှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက်ရယူအသုံးပြုရန် လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Sources : စိုက်ပျိုးရေးဦးစီးဌာန