menu

အစိုးရက ကျပ် ၁၃ ဘီလျံသုံး၍ တိုင်းဒေသကြီးနှစ်ခုက စပါးများ ဝယ်ယူမည်

ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အစိုးရက စပါးဝယ်ယူရန် ကျပ် ၁၃ ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း ဆန်စပါး ကုန်သည်များထံမှ သိရသည်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်း နာယက ဦးလှမိုးက အစိုးရက ၁၃ ဘီလျံချပေးထားတဲ့အထဲမှာ ပဲခူးတိုင်းဒေသကြီးက ကျပ်ရှစ်ဘီလျံ၊ဧရာဝတီတိုင်းဒေသကြီးက ကျပ်ငါးဘီလျံပါ။ ရန်ကုန်တိုင်းဒေသကြီးပါ ပါမယ်ဆိုရင်တော့ ကျပ်နှစ်ဘီလျံရရှိမှာပါ။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာ ဝတီတိုင်းဒေသကြီးက စီမံဘဏ္ဍာရေးဝန်ကြီးသုံးယောက်က နေပြည်တော်မှာ ဆွေးနွေးပြီးတော့ အသေးစိတ်သိရှိလာမှာပါ။ ဝယ်ယူမယ့်အနေအထားကတော့ ကိုယ့်တိုင်းဒေသ ကြီးအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်မှာပေါ့။ အဓိကတော့ စပါးတင်း ၁၀ဝ ကို ကျပ်ငါးသိန်းအောက်မကျဆင်းရေး အတွက် ဝယ်ယူတာပဲ။ အခု ကိုယ့်တိုင်းဒေသကြီးအလိုက် စပါးဝယ်ယူရေးကော်မတီတွေကို ဖွဲ့စည်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပဲခူးမှာတော့ အမြန်ဖွဲ့စည်းဖို့ ဆောင်ရွက်နေတယ်။ ဝယ်ယူမယ့်အပိုင်းမှာတော့ သေချာစိစစ်ပြီးတော့ ဝယ်ယူမှာဖြစ်ပါတယ်“ဟု ပြောသည်။  

ပဲခူးတိုင်းဒေသကြီး၌ စိုက်ပျိုးမှုများသည့် စပါးများမှာ တရုတ်သို့ အများဆုံးပို့သည့် ဧည့်မထဆန်ကြမ်းအမျိုးအစားများ ဖြစ်ကြောင်း သိရသည်။ အခြေခံ ရည်ညွှန်းစပါးဈေးအတိုင်း ရောင်းချရန် အခက်အခဲရှိသော တောင်သူများ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ ရုံးချုပ်သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆန်စပါးစိုက်ပျိုးမှု အများဆုံးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ဧက သိန်း ၅၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် စိုက်ဧက ၃၁ သိန်းကျော်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ဧက ၁၃ သိန်းရှိကြောင်း သိရသည်။ အဆိုပါ ကျပ် ၁၃ ဘီလျံကို စပါးတစ်တင်း ကျပ် ၅ဝဝဝ ဈေးဖြင့် တွက်ချက်ဝယ်ယူပါက စပါးတင်းရေ နှစ်သန်းခွဲကျော် ဝယ်ယူနိုင်မည် ဖြစ်သည်။ 

အဆိုပါတိုင်းဒေသကြီးများ၏ တစ်ဧကစပါးထွက်ရှိမှု စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးက စပါးတင်းရေ သန်း ၄၀ဝ ကျော်၊ ပဲခူးတိုင်းဒေသကြီးက စပါးတင်းရေ သန်း ၂၂၀ ကျော်၊ ရန်ကုန်တိုင်းဒေသကြီးက စပါးတင်းရေ ၁၀ သန်းခန့် ထွက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမောင်မောင်ဝင်းက “အခုလက်ရှိထိ လက်ထဲ ပိုက်ဆံမရောက်သေးပါဘူး။ ရောက်မှ လုပ်ငန်းစနိုင်မယ်။ လောလော ဆယ်တော့ ဆန်စပါးအသင်းချုပ်ကနေ ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်ခြောက်ခုမှာ၁၇ ဦး ပါဝင်တဲ့ကော်မတီတွေ ဖွဲ့စည်းပေးထားတယ်။ ဖွဲ့ပြီးတော့မှ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း စပါးဈေးကျဆင်း နေတဲ့ဒေသမှာ ဝယ်ယူပေးမယ်။ ဒါကို ဝယ်ခြမ်းမယ်ဆိုရင် လောလောဆယ်တော့ သတင်းလောက်ပဲ ရှိသေးတယ်။ ငွေကြေး သွားလာမယ့်အပိုင်းက သေချာမသိသေးဘူး။ ငွေကြေးခွဲဝေပေးမယ့်အပိုင်းမှာ ပြည်ထောင်စုအစိုးရကနေ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ချပေးမလားဆိုတာ လောလောဆယ် သေချာမသိသေးဘူး။ ဝယ်ယူမယ့်အပိုင်းမှာ အကုန်လုံးကိုတော့ ဝယ်နိုင်မှာ မဟုတ်ဘူး။ တကယ်ဝယ်ယူပေးဖို့ လိုအပ်တဲ့နေရာဖြစ်မှာပေါ့။ ဒါမှ ဒီလုပ်ငန်းက ထိရောက်မှာပေါ့။ ဧရာဝတီတိုင်းဒေသကြီးက စပါးမျိုးစုံစိုက်တာ ညီမျှတယ်။ ပေါ်ဆန်းမျိုးစုံ၊ ဆန်ကြမ်းမျိုးစုံပါပဲ“ဟု ပြောသည်။ 

နယ်စပ်က တရုတ်သို့ ဆန်စပါးမတင်ပို့နိုင်သေး၍ စပါးဈေးကျဆင်း နေခြင်းဖြစ်ပြီး ဆန်ပိုမိုတင်ပို့ရန် သက်ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “စပါးဝယ်ဖို့ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် သူတို့ စီမံချက်တင်ခိုင်းထားတာ ရှိတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေကိုချဖို့ ဆွေးနွေးကြဦးမယ်။ အကြမ်းဖျင်းကတော့ ပဲခူးတိုင်းဒေသကြီးက ကျပ်ရှစ်ဘီလျံနဲ့ ဧရာဝတီတိုင်းဒေသကြီးက ကျပ် ငါးဘီလျံပေါ့“ ဟု ပြောသည်။ 

နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့်ဆန်စပါးဝယ်ယူရေးအဖွဲ့များက ဝယ်ယူ သွားမည်ဖြစ်ကြောင်း၊ ၎င်းနှင့်ဆက်စပ်နေသည့်လုပ်ငန်းများဖြစ်သည့် သိုလှောင်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဝယ်ယူရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက စပါးဈေးကျဆင်းသော ဒေသများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုးစပါးအသစ်ပေါက်ဈေးသည် နေရာဒေသနှင့် စပါးအမျိုးအစားကို မူတည်၍ တင်း ၁၀ဝ လျှင် ပျမ်းမျှ ကျပ် ၄၅၀çဝဝဝ မှ ကျပ် ၅၂၀ ဝဝဝ ကြား ရှိနေ ကြောင်း သိရသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ စပါးစိုက်တောင်သူ ဦးလွင်ဦးက “လောလောဆယ်တော့ စပါးဈေးက တစ်တင်းကို ကျပ် ၅ဝဝဝ နဲ့ ရောင်းချင်တာကို လာဝယ်မယ့်သူမရှိသေးဘူး။ ဒါကြောင့် အောက်ခြေ လယ်သမားတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ ဆင်းကြည့်ကြဖို့ လိုအပ်တယ်“ဟု ပြောသည်။

ပြည်၊ ပုသိမ်၊ ပဲခူး၊ ရွှေဘို၊ စစ်တွေ မြို့နယ်တို့ရှိ ဧည့်မထအုပ်စုဝင် စပါးတစ်တင်း၏ အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၄၄၀ဝ မှ အမြင့်ဆုံးဈေး ကျပ် ၅၅၀ဝ ရှိနေကြောင်း၊ ဆန်လိုဒေသများဖြစ်သည့် နေပြည်တော်၊ ရန်ကုန် (ဝါးတန်း)၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ မြိတ်နှင့် ဘားအံမြို့နယ်တို့တွင် အနိမ့်ဆုံးဈေး တစ်တင်းလျှင် ကျပ် ၄၅၀ဝ မှ ကျပ် ၅၆၀ဝ ကြားရှိနေကြောင်း သိရသည်။ 

လွတ်လပ်သော တောင်သူလယ်သမားများအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က “အခု ကျပ်ငါးသိန်းဈေးက ထုတ်လုပ်မှု ကုန်ကျစရိတ်တော့ရပေမယ့် အကျိုးအမြတ်တော့ မကျန်နိုင်ဘူးပေါ့။ ဒီနှစ်မှာတော့ စပါးတွေ ပိုးကျလို့ တစ်ဧကကို တင်း ၄၀လောက်ပဲ ထွက်ရှိနေတဲ့တောင်သူတွေ အများကြီးရှိနေလို့ သူတို့အတွက်တော့ ဒီဈေးနဲ့ဆိုရင် အရှုံးပေါ်ပြီပေါ့။ အစိုးရက ကျပ် ၁၅ ဘီလျံပေးဝယ်မယ်ဆိုရင်လည်း မြန်မြန်ဝယ်ပေးဖို့ တိုက်တွန်းပါတယ်။ အခု အပြင်မှာ ကျပ်ငါးသိန်းမရဘဲ ကျပ် ၄၅၀ဝဝဝ ရနေတဲ့ဈေးကို အမြန်ကယ်ပေးဖို့ လိုအပ်တယ်“ဟု ပြောသည်။

အစိုးရက အခြေခံရည်ညွှန်းစပါးဈေးနှုန်းအတိုင်း ဝယ်ယူရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀ဝ လျှင် ကျပ်ငါးသိန်း ဝယ်ယူရန် အောက်တိုဘာ ၁၅ ရက်စွဲဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

-နီနီအောင် အတွဲ(၂၆) အမှတ်(၃၇၈)၊ နိုဝင်ဘာ ၁၁ - ၁၇၊ ၂၀၁၉ ခုနှစ်
-မြန်မာ‌တောင်သူကြီးများဂျာနယ်