menu

“အတက်နှေးနေတဲ့ မတ်ပဲဈေးကွက်”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✔️ယခုသီတင်းပတ်ရဲ့ မတ်ပဲဈေးနှုန်းများကတော့ အများမျှော်လင့်ထားသလို ဈေးဆက်တက်မလာပဲ ယခင်အတိုင်း ဈေးတန်းတစ်ခုအတွင်းမှာတက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကထုတ်ပြန်တဲ့သတင်းတွေမှာတော့ သတင်းဌာနတစ်ခုတည်းကနေပဲ သတင်းကအမျိုးမျိုး ဖြစ်နေတာတွေ့ရပါတယ်။ မိုးများနေလို့ မတ်ပဲစိုက်ဧကတွေပျက်စီးတာ၊ မတ်ပဲအထွက်နှုန်းနဲ့ အရည်အသွေးတွေကျဆင်းတာ ဖော်ပြတာရှိသလို တခါတရံ မတ်ပဲအသစ်တွေဈေးကွက်အတွင်း အဆက်မပြတ်ဝင်ရောက်နေပြီး အရည်အသွေးလည်းကောင်းမွန်တယ်လို့ ရေးသားဖော်ပြကြပြန်ပါတယ်။

✔️သို့သော်လည်း Agri World ကတော့ ယခင်နှစ်နဲ့ ယခုနှစ် မိုးစိုက်သီးနှံမတ်ပဲနဲ့ ပဲစဉ်းငုံတို့ရဲ့ စိုက်ပျိုး ထွက်ရှိမှု ခန့်မှန်းချက်ကို တင်ပြပေးထားပါတယ်။ ယခုနှစ် စိုက်ပျိုးထွက်ရှိမှုမှာ ယခင်နှစ်ထက်ပိုမို ကျဆင်းနေပြီး တောင်သူတွေအနေနဲ့လည်း ယခုနှစ်မိုးများတာကြောင့် အကျိုးအမြတ်များစွာထိခိုက် ရကြောင်းဖော်ပြထားပါတယ်။

✔️မိုးစိုက်သီးနှံပျက်စီးမှုများပြားတဲ့သတင်းတွေ အများအပြားတွေ့နေရပြီး ပြည်နယ်အသီးသီးမှာရှိတဲ့ ပဲခွဲစက်တွေကလည်း အဝယ်လိုက်လာနေတာကြောင့် အိန္ဒိယမှာ မတ်ပဲဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့် မြန်မာမတ်ပဲဈေးလည်း အထိုက်အလျောက်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

✔️ဧရာဝတီတိုင်းဒေသကြီးမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများကတော့ စက်တင်ဘာလ(၁၇) ရက်နေ့မှာ တစ်တင်းလျှင် ကျပ် ၆၇,၅၀၀၊ (၁၈) ရက်နေ့မှာ ကျပ် ၆၇,၀၀၀၊ (၁၉) ရက်နေ့မှာ ကျပ် ၆၆,၅၀၀၊ (၂၀) ရက်နေ့မှာ ကျပ် ၆၅,၁၀၀၊ (၂၁) ရက်နေ့မှာ ကျပ် ၆၅,၉၀၀၊ (၂၂ /၂၃) ရက်နေ့များမှာ ကျပ် ၆၅,၂၀၀ အသီးသီးဖြစ်ပါတယ်။

✔️လက်ရှိမတ်ပဲဈေးနှုန်းသည် နေ့စဥ်ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများအပေါ်မူတည်ပြီးအတက်အကျ ဖြစ်နေကြောင်းတွေ့ရပါတယ်။ အဓိကဝယ်လက်နိုင်ငံရဲ့ လက်ရှိရာသီဥတုအခြေအနေနဲ့ ပဲဝယ်လိုအား တွေအပေါ်မူတည်ပြီး ဝယ်ယူတင်သွင်းမှုများလာရင် ဈေးကောင်းရလာနိုင်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

✔️မနေ့က ၂၂-၉-၂၀၂၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတို့ IPGA အဖွဲ့ဝင်များနဲ့မွန်ဘိုင်းမြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းပြီးတိုးမြှင့်ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

23-9-2022