menu

“ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ပြီး ပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင်”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✅၂၀၂၃ခုနှစ် ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ပြီး ပြည်တွင်းမှပို့ကုန်ပဲများ ဈေးကောင်းလာနိုင်ကြောင်းနှင့် ပြည်တွင်း ပဲရာသီအသစ်မှာထွက်ရှိလာသည့်ပဲများ အရည်အသွေး ကောင်းရန်လိုအပ်ကြောင်း ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။ လက်ရှိ ပဲသစ်ရာသီအတွက် မိုးရေကောင်းတစ်ချက်လိုအပ်နေသေးကြောင်း၊ ထွက်ရှိလာသည့်ပဲများ အရည်အသွေးကျဆင်းမှု မရှိအောင် တောင်သူများဂရုပြုသင့်ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။

✅ဒီဇင်ဘာလကုန်ပိုင်းတွင် ပို့ကုန်ပဲအသစ်များဖြစ်သည့် မတ်ပဲနှင့်ပဲစင်းငုံဈေးကွက်မှာ မန္တလေး ဈေးကွက်အတွင်း အဝင်မများသေးသော်လည်း နယ်ဈေးကွက်မှာ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးဈေးကွက်အတွင်း ရောက်ရှိလာပါက ဈေးပိုမိုမြင့်တက်လာစရာရှိကြောင်း၊ အရောင်းအဝယ် ကောင်းနေသည့်နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ် ငွေကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့် ဈေးကျသွား ကြောင်း၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မျိုးစေ့အဝယ်ရှိနေချိန်ဖြစ်တာကြောင့် အမြင့်ဈေးတန်း အတိုင်းဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅“မတ်ပဲဈေးကတစ်အိတ် ငွေကျပ် ၁၇၈,၀၀၀ - ၁၇၉,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ မတ်ပဲနဲ့အတူ ပဲစင်းငုံဈေးကလည်း ကောင်းနေပါတယ်။ ပဲစင်းငုံအသစ်တွေက နယ်ဈေးတွေမှာ ဈေးကောင်း နေပါတယ်။ တစ်တင်း ငွေကျပ် ၅၈,၀၀၀ လောက် ပေါက်ဈေးရှိနေပြီ။ ဒီဈေးက မန္တလေးဈေးကွက်ထဲ ရောက်လာရင် ပိုလာနိုင်ပါတယ်။ နှမ်းမျိုးစုံ နဲ့ ပဲတီစိမ်းကတော့ ဈေးပြန်အေးနေပါတယ်။ နှမ်းနက်ဆိုရင် သုံးတင်းတစ်အိတ် ငွေကျပ် ၂၈၀,၀၀၀ လောက် ပေါက်ဈေးကနေ ငွေကျပ် ၁၀,၀၀၀ - ၁၅,၀၀၀ကျော် ဈေးပြန်ကျသွားတယ်။ ကုလားပဲဈေးကွက်က အမြင့်ဈေးကို ဆက်တက်သွားတယ်။ ဒီအချိန်က မျိုးစေ့ အဝယ်လည်းရှိနေတော့ ဒီဈေးတန်းအတိုင်း ဆက်သွားလိမ့်မယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ အဟောင်းတွေက စျေးခပ်အေးအေးပဲ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ပဲရာသီမှာတော့ ပဲအဟောင်းလက်ကျန် သမားတွေ အကုန်ရောင်းကြပါပြီ။ ပဲအသစ်ရာသီမှာ ပဲအထွက်နည်းနိုင်တော့ လာမည့်ပဲရာသီမှာ အဝယ်ကောင်းမယ့် အခြေအနေပါ။ ပေါက်ဈေးကတော့ ဒေါ်လာဈေးအတက်မရှိရင် လက်ရှိပေါက် ဈေးဝန်းကျင်အတိုင်းရှိနေမယ်။ ဒေါ်လာဈေးမြင့်လာရင်တော့ ပြည်တွင်းပဲအဝယ်ဈေး မြင့်လာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘

မန္တလေးပဲဈေးကွက်တွင် အသစ်ဝင် ပို့ကုန်မတ်ပဲများစျေးကောင်းလာပြီး ပဲစင်းငုံဈေးကွက်မှာ နယ်ဈေး အရောင်းအဝယ်ကောင်းနေရာ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၈,၀၀၀၊ ပဲစင်းငုံနယ်ဈေး တစ်တင်း ငွေကျပ် ၅၈,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၀,၀၀၀ ပေါက်ဈေးရှိသည်။ 

✅ဒီဇင်ဘာ(၁၄)ရက်တွင် ကုလားပဲV2 တစ်အိတ်လျှင် ငွေကျပ် ၁၉၄,၀၀၀၊ ပဲယင်းတစ်အိတ်လျှင် ငွေကျပ် ၁၁၂,၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၀၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀၊ စွန်တာပြာတစ်အိတ်လျှင် ငွေကျပ် ၁၃၇,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၀၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ပေါက်ဈေးဖြစ်သည်။

✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း