menu

ဒေါ်လာဂယက်ကြောင့် ဧရာဝတီတိုင်းမှာ ပဲဈေးနှုန်းဆက်လက်မြင့်တက်လာ



🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✔️ သြဂုတ်လအတွင်း ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးလာတာတို့ကြောင့် ဧရာဝတီတိုင်းမှာ ပဲဈေးနှုန်းဆက်လက် မြင့်တက်လာတယ်လို့ ပဲ၊ နှမ်းလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

✔️ ပြီးခဲ့တဲ့ဇွန်လအတွင်းက တစ်တင်း ကျပ် ၅၅,၀၀၀ သာရှိခဲ့တဲ့ မတ်ပဲဟာ သြဂုတ်ပထမအပတ်မှ ယနေ့ အထိ တစ်တင်း ကျပ် ၇၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ပဲပုပ်ကလည်း တစ်တင်းကျပ် ၅၀,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ အထိ ဈေးနှုန်းဆက်လက်မြင့်တက်လာတယ်လို့ သိရပါတယ်။

✔️ ကျန်ပဲတွေဖြစ်နေတဲ့ ပဲတီစိမ်း၊ ဘိုကိက်အပါအဝင် ပဲလွန်းဖြူတို့ကလည်း အမျိုးအစားအပေါ်မူတည်ပြီး ဈေးနှုန်း ဆက်လက်မြင့်တက်လာလို့သိရပြီး ပဲဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာတာ၊ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးနှုန်းအဆမတန် ကြီးမြင့်နေတဲ့အတွက် ဈေးနှုန်းဆက်လက် မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲ၊ နှမ်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

✔️ “ပဲမျိုးစုံကတော့ ဈေးတက်တယ်၊ ဈေးတက်တယ်ဆိုတာကလည်း လက်ရှိကတော့ ဒီဒေါ်လာဈေးနဲ့ ငွေဈေးနဲ့ တက်လာတဲ့အပေါ်မှာ တက်လာတာလည်းရှိတယ်၊ နောက်ပြီးတော့ နောက်တစ်ခုက လယ်ယာလုပ်ငန်းတွေမှာသုံးတဲ့ဓာတ်မြေဩဇာပေါ့၊ ဒီနေ့ဆိုလို့ရှိရင် ပုလဲဓာတ်မြေဩဇာ ဆိုရင် ၁၇၀,၀၀၀ လောက်ရှိတယ်လေ၊ ထည်ထိုးဖို့ ဒီဇယ် ဆိုလို့ရှိရင် လက်ရှိ တစ်လီတာကို ၃,၂၀၀ နဲ့ ၃,၅၀၀ နယ်မှာပြောတာပေါ့နော်၊ အဲ့လိုမျိုးပေါ့ ဒီစိုက်ပျိုးတဲ့ဥစ္စာတွေက အားလုံးကိုဈေးတက်လာတာ၊ အဲ့ဒီ အပေါ်မှာဘဲ မူတည်ပြီးတော့ ဈေးမြင့်ဈေးနိမ့်တယ်ဆိုတာ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ သွားကြ လိမ့်မယ်ခင်ဗျ”လို့ သူကပြောပါတယ်။

✔️ ပဲဈေးနှုန်းဆက်လက်မြင့်နေတဲ့အတွက် ပြည်တွင်းပဲဈေးကွက်မှာ ပဲဝယ်ယူမှုအနည်းငယ်ကျဆင်းနေ ပေမယ့် အိန္ဒိယနိုင်ငံကတော့ ပဲဝယ်ယူမှုဆက်ရှိနေတယ်လို့သိရပါတယ်။ ပဲ၊ နှမ်းလုပ်ငန်းရှင်တွေကတော့ ပြည်တွင်းမှာပဲလက်ကျန်နည်းပါးနေတဲ့အတွက် လာမယ့်လပိုင်းတွေအတွင်း ပဲဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်နေကြတယ်လို့ သိရပါတယ်။

✔️ ဧရာဝတီတိုင်းဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်တို့ကို အဓိကစိုက်ပျိုးနေတာဖြစ်ပြီး နှစ်စဉ်ပဲတန်ချိန် သောင်းနဲ့ချီ ထွက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့ပဲတွေကိုတော့ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ စင်ကာပူနိုင်ငံတို့ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Myanma Platform