menu

“ထောပတ်ပဲသစ်များ ယခင်နှစ်ကာလတူပေါက်စျေးထက် စံချိန်တင်အမြင့်စျေးရရှိ”


🍀🌱🍀🌱🍀🌱🍀🌱🍀🌱🍀

🔸၂၀၂၂ ခုနှစ် ပဲရာသီအတွက် အသစ်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်အတွင်းသို ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာကာ အဖွင့်ဈေးမှာလည်း ယခင်နှစ်ကာလတူထက် တစ်ဆကျော်မြင့်တက်နေပြီး စံချိန်တင်အမြင့်စျေးဖြစ်လာကြောင်းမန္တလေးပဲကုန်သည်များထံက သိရသည်။

🔸ပဲရာသီအသစ်၏ ထောပတ်ပဲများကို မတ္တရာ၊ စဉ့်ကူးနယ်များမှ အဓိကဝင်ရောက်လာပြီး၊ ယခင်နှစ်ကာလတူက ထောပတ်ပဲ(အပြားကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း၊ ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲ(အပြားကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အလတ်)မှာ ၁၆၀,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အသေး)မှာ ၁၁၀,၀၀၀ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေပြီး ယခင်နှစ်အဖွင့်ဈေးထက် တစ်ဆကျော်မြင့်တက်လျက်ရှိကြောင်း မန္တလေးမြိုမှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။

🔸"ထောပတ်ပဲဈေးနှုန်းက စပေါ်ပေါ်ခြင်းမှာပဲ စံချိန်တင်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ လက်ရှိချိန်မှာ ထောပတ်ပဲက ပြည်တွင်း စားသုံးမှုအနေနဲ့လည်းအဝယ်လိုက်နေတယ်။ တရုတ်ဝယ်လက်တွေကလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်တော့ စတင်ဝယ်ယူနေပါပြီ။ ၂၀၂၂ ခုနှစ် ပဲရာသီအစမှာ ထွက်သမျှပဲတွေအနက် ထောပတ်ပဲဈေးနှုန်းက ငါးနှစ်အတွင်းမှာ အမြင့်ဆုံး ဈေးနှုန်းအနေနဲ့ စံချိန်တင်မြင့်တက်နေပါတယ်။ ထောပတ်ပဲကို နှစ်စဉ် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချရပါတယ်။ ထောပတ်ပဲကို အထူးစိုက်ကွင်းတွေပြုလုပ်ပြီး စိုက်တာတွေလည်း တွေ့ရပါတယ်။ တစ်နှစ်မှာ တစ်ရာသီပဲ ဆောင်းသီးနှံအနေနဲ့ စိုက်ပျိုးလို့ရပါတယ်။ ယခုဇန်နဝါရီလဆန်းကနေ စတင်ထွက်ရှိပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း အလှိုင်ဆုံးအနေနဲ့ ဈေးကွက်အတွင်း ဝင်ရောက်တာဖြစ်ပါတယ်။ ဈေးကွက်တောင်းဆိုမှုကြောင့် ထောပတ်ပဲဝယ်လိုအား ကလည်း တစ်နှစ်ထက်တစ်နှစ်များပြားလာတာတွေ့ရှိရပါတယ်" ဟု ၎င်းကပြောသည်။

🔸ထောပတ်ပဲကို မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အဓိကထားစိုက်ပျိုးကြသည်ကို တွေ့ရပြီး မကွေးတိုင်းဒေသကြီးတွင် မင်းဘူး၊ ဆင်ဖြူကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီးတွင် မလိုင်၊ တောင်သာ၊ နွားထိုးကြီးဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)