menu

"ဈေးကျဆင်းမှုရပ်ပြီး အရောင်းအဝယ်သွက်နေသည့် ပဲ၊ နှမ်းဈေးကွက်"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘 

↗️ ဈေးကွက်ကျဆင်းနေသည့် ပဲ၊နှမ်းဈေးကွက်မှာ လှောင်လက်သမားများ အဝယ်ရှိလာတာကြောင့် ဈေးအနည်းငယ်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများမှာ ဈေးကျဆင်းမှုရပ်သွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာခြင်းဖြစ်သည်။ 

↗️ မတ်လကုန်ရက်များအထိဈေးကျဆင်းနေသည့် ပဲ၊ နှမ်း ဈေးကွက်မှာ လှောင်လက်သမားများ အဝယ်ပြန်ကောင်းလာတာကြောင့် ဈေးအနည်းပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်ကောင်းလာကြောင်း၊ သင်္ကြန်ကာလမတိုင်မီအထိ ပဲ၊ နှမ်း ဈေးကွက်မှာ လှောင်လက်အဝယ်သမားများ၏ ဝယ်လိုအားကောင်းနေနိုင်ကြောင်း သင်္ကြန်ပိတ်ရက်များတွင် အရောင်းအဝယ်ခဏအေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းအချို့ အနည်းငယ်ဈေးပြန်မြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ 

↗️ "မတ်လကုန်ရက်များတွင် ဈေးကျဆင်းနေတဲ့ ပဲ၊ နှမ်း ဈေးကွက် အရောင်းအဝယ်ပြန်ကောင်းလာပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးအကျရပ်သွားပြီး ဈေးပြန်တက်လာပါတယ်။ အခြား ပဲမာလိုင်းတွေလည်း ဈေးပြန်တက်လာတာတွေရှိပါတယ်။ ပဲကြီးတွေလည်း ဈေးပြန်တက်လာပါတယ်။ မတ်(၂၇)ရက်အထိ ဈေးကျဆင်းနေတဲ့ပဲတွေ လှောင်လက်သမားတွေအဝယ်ကောင်းလာပါတယ်။ ပဲဈေးကွက်တစ်ခုလုံးဈေးကျနေတာကနေ ပြန်အဝယ်ရှိလာလို့ သင်္ကြန်ကာလမတိုင်မီအထိ အရောင်းအဝယ်ကောင်းနေမှာပါ" ဟု ၎င်းကပြောသည်။ 

↗️ သင်္ကြန်ကာလပိတ်ရက်များမတိုင်မီ နှစ်စဉ် ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်လျက်ရှိပြီး သင်္ကြန်ပြီးကာလများတွင် အနည်းငယ်ဈေးအေးသွားတတ်ကြောင်း သိရသည်။ မတ်(၂၉)ရက်တွင် ပို့ကုန်ပဲများဈေးကျဆင်းနေရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၇,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်လာသည်။ 

↗️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေရာ မတ်(၂၉)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ်၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ်၂၂၇,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀ အသီးသီးဈေး အနည်းငယ်မြင့်တက်လာသည်။ 

↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ နယ်စုံမှအသစ်ဝင်ရောက်မှုများနေတာကြောင့် ဈေးကျဆင်း နေရာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၂၇၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ - ၈,၁၀၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာသည်။ 

↗️ မတ်(၂၉)ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။ 

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (မကွေးဂျာနယ်)