menu

ဈေးမြင့်တက်နေသည့် ကြက်သွန်နီဈေးကွက် အခြေအနေ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

⏩ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း သြဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီစျေးနှုန်း ထပ်မံမြင့်တက်နေပြီး တစ်ပိဿာ ကျပ် ၃,၀၀၀ အထိ ရောက်ရှိလာကြောင်း ကုန်သည်များထံမှသိရသည်။ ပခုက္ကူကြက်သွန်နီစျေးကွက်တွင် သြဂုတ်လပထမပတ်တွင် တစ်ပိဿာ ကျပ် ၁,၇၀၀၊ ဒုတိယပတ်တွင် တစ်ပိဿာ ကျပ် ၂,၀၀၀ နှင့် တတိယပတ်တွင် တစ်ပိဿာ ကျပ် ၂,၆၀၀ ပေါက်စျေးရှိရာမှ စျေးနှုန်း ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

⏩ပခုက္ကူကြက်သွန်စျေးကွက်အတွင်းသို့ ပိဿာချိန် ၂၄,၀၀၀ ခန့် ဝင်ရောက်သည့် သြဂုတ်(၂၂) ရက် စျေးကွက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁,၈၀၀ - ၂,၂၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၂,၃၀၀ -၂,၅၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၂,၆၀၀ - ၃,၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

⏩“ကြက်သွန်စျေးကောင်းတယ်။ ကုန်ဝင်ကနည်းတယ်။ စျေးတက်ပေးစျေးတက်ရောင်းပဲ။ လက်ရှိက ဝယ်လက်ကောင်းလို့ကို စျေးကကောင်းနေတယ်။ ပုံမှန်အချိန်ဆိုရင် ဒီစျေးတန်းမှာ ကုန်ဝင်က တစ်ရက်ပိဿာချိန် တစ်သိန်းဝန်းကျင်ဝင်တယ်။ ဒီနှစ်တော့ အကြောင်းအမျိုးမျိုးကြောင့် ကြက်သွန်အဝင်နည်းတယ်။ အဝယ်ရှိပြီးအဝင်နည်းတော့ စျေးပေးဝယ်ကြတာပေါ့” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

⏩ပြီးခဲ့သည့် ကြက်သွန်စိုက်ပျိုးချိန်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် အချို့တောင်သူများ လုံးဝ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ အချို့တောင်သူများမှာ စိုက်ပျိုးပြီးနောက် ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ပုံမှန်ထက် အထွက်နှုန်းလျော့ကျခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃,၀၀၀ ကျော်အထိ ရောင်းဝယ်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ တစ်ပိဿာ ကျပ် ၁,၀၀၀ အောက်ဖြင့်သာ ရောင်းဝယ်ခဲ့ရကြောင်း သိရသည်။

⏩ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများထံတွင် ကြက်သွန်ရောင်းချရန် ကျန်ရှိနေသေးပြီး နယ်မြေတည်ငြိမ်မှုအပေါ်မူတည်၍ ရောင်းဝယ်မှုပြုလုပ်နေရကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရသိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Eleven Media Group