menu

ဈေးပြန်လည်မြင့်တက်လာသည့် ပဲမျိုးစုံဈေးကွက် .....


🌿🍀☘️🍀🌿☘️🌿🍀☘️🍀🌿

✅ ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲမာလိုင်းများဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သော်လည်း ယခုပြန်လည် မြင့်တက်လာကာ အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေကြောင်းသိရပြီး ပဲသစ်ရာသီအတွက် ပဲအဝင်အကောင်းဆုံးချိန် ဖြစ်ပေါ်သည့်အတွက် ဆက်လက်၍လည်း မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။ မတ်လ ၁၀ရက် မှ ၁၆ ရက်အတွင်း ပဲမျိုးစုံဈေးကွက်အတွင်း ဈေးအနည်းငယ်ကျဆင်းမှုရှိသော်လည်း ရန်ကုန်အဝယ်သမားများ ဝယ်လိုအားကောင်းလာနေသဖြင့် ယခုသီတင်းပတ်တွင် အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာသည်။

✅ ဈေးကွက်ပေါက်ဈေးများအရ လက်ရှိဈေးမှာ အခြေခံဈေးနှုန်းများ ဖြစ်လာပြီး ပြန်လည်ကျဆင်းရန် မရှိတော့ဘဲ ပဲသစ်ရာသီနောက်ပိုင်း အဝင်နည်းလာချိန်များတွင် တဖြေးဖြေးဈေးမြင့်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။

✅ “ပြည်တွင်းသုံးကုလားပဲတွေကို ရန်ကုန်အဝယ်သမားများ ဝယ်လိုအားကောင်းနေတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဈေးအနည်းငယ်ကျဆင်းသွားရာကနေ မတ်လ ၁၆ ရက်မှာ ပဲအားလုံး အမြင့်ဈေးပြန်ဖြစ်လာတယ်။ ကုလားပဲအုပ်စုမှာ ဗွီးတူးက တစ်အိတ်ကျပ် ၁၃၃,၀၀၀ နဲ့ ဈေးငြိမ်နေတယ်။ ပဲစင်းငုံ၊မတ်ပဲလည်း တစ်အိတ် ကျပ် ၁၃၃,၀၀၀ ပေါက်ဈေးရှိနေတယ်။ ကုလားပဲတွေကတော့ လှောင်သမားတွေနဲ့ ပဲခွဲစက်သမားတွေ အဝယ်သွက်နေတယ်။ မြေပဲဆန်ဈေးကတော့ အမျိုးအစား အလိုက် တစ်ပိဿာ ကျပ် ၅၀-၁၀၀ ဈေးပြန်ကျလာတယ်။ ပဲမာလိုင်းအပါအဝင် ပဲဈေးကွက်တစ်ခုလုံး အမြင့်ဈေးနဲ့တည်ငြိမ်နေပါတယ်။ သင်္ကြန်မတိုင်မီကတော့ တောင်သူဆီက ပဲသစ်တွေဝင်နေတုန်းပါ။ ထူးခြားတာကတော့ ၃ ရက်လောက် ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၂၅၀,၀၀၀ ထိဈေးဆင်းသွားပြီးမှ ဈေးပြန်တက်လာတာ တစ်အိတ်ကျပ် ၂၈၀,၀၀၀ ဈေးပြန်ရောက်လာတယ်။ ပြီးခဲ့တဲ့ မတ်လ (၁၀) ရက်ကနေ (၁၄)ရက်ထိကြား ပဲဈေးအနည်းငယ်ကျဆင်းသွားပေမယ့် လက်ရှိမှာ အမြင့်ဈေးပြန်ရောက် လာတယ်။ ပဲသစ်ရာသီ ပဲအဝင် အမြင့်ဆုံးချိန်ဈေးဖြစ်လို့ အောက်ခံဈေးဖြစ်သွားပြီး ဈေးကွက်ကျဆင်း စရာမရှိပဲ တဖြေးဖြေးမြင့်တက်လာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ ၊ပဲတီစိမ်း
---------------------

ပို့ကုန်ပဲများဖြစ်သော မတ်ပဲ ၊ပဲစင်းငုံနှင့် ၊ပြည်တွင်းသုံးကုလားပဲများ ဈေးကွာခြားမှုမရှိ တူညီလာနေ ကြောင်းသိရပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၁၃၃,၀၀၀ ဖြင့် အမြင့်ဈေးဖြစ်နေပြီး နယ်ဈေးကွက်တွင် ပဲတစ်တင်းကျပ် ၄၀,၀၀၀ အထက်ပေါက်ဈေးရှိနေသည်။ ပဲသစ် အဝင်နည်းလာသည်နှင့် အမျှ ပို့ကုန်ပဲ အပါအဝင် ပဲမျိုးစုံဈေးမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း နှင့် မတ်(၁၆) ရက်က မတ်ပဲ တစ်အိတ် ၁၃၃,၀၀၀-၁၃၅,၀၀၀၊ ပဲစင်းငုံတစ်အိတ် ၁၃၂,၀၀၀၊ ပဲတီစိမ်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ ပေါက်ဈေး ရှိနေသည်။ 

မြေပဲ
-----
ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီဈေးအနည်းငယ်ကျဆင်းလာခြင်းကြောင့် ယခင်သီတင်းပတ်ထက် မြေပဲဆံဈေးအနည်းငယ်ကျဆင်းသွားသော်လည်း အရောင်းအဝယ်မှာမူ သွက်လျက်ရှိနေသည်။ မြေပဲဆီဈေးမှာ ကျဆင်းမှုမရှိ တည်ငြိမ်နေပြီး စားအုန်းဆီဈေးမှာမူ ကျဆင်းသွားသည်။ မတ်လ (၁၆) ရက်တွင် မြေပဲဆံ အမျိုးအစားအလိုက် အနိမ့်ဆုံး မြေပဲဆံ တစ်ပိဿာ ၃,၅၅၀ နှင့် အမြင့်ဆုံး မြေပဲဆံ တစ်ပိဿာ ကျပ် ၃,၉၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာကျပ် ၈,၅၀၀-၉,၀၀၀၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၈,၀၀၀-၈,၅၀၀ ၊ စားအုန်းဆီတစ်ပိဿာကျပ် ၆,၉၀၀ ရှိနေသည်။

✅ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၂၈,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၂၅,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၆၂,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၆၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၅,၀၀၀ ၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၆၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၈၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး တစ်အိတ်ကျပ် ၁၃၃,၀၀၀ ပေါက်ဈေးရှိလာရာ ယခင်ထက် ဈေးနှုန်းပိုမို ရရှိလာသည်။

✅ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)