menu

“ဂျပန်နှမ်းဖြူများ ဈေးကွက်သို့ ဈေးကောင်းဖြင့်ဝင်ရောက်လာ”


🌿🌿🌿🌿🌿🌿🌿🌿🌿🌿 

➡️ ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျားဂျပန်နှမ်းဖြူများ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကာ အရောင်းအဝယ်များသွက်လက်မြန်ဆန်နေကြောင်း မန္တလေးမြို့ရှိ နှမ်းကုန် သည်များထံမှ သိရသည်။ 

➡️ အဆိုပါ ဂျပန်နှမ်းဖြူမှာ လက်ရှိတွင် မန္တလေးဈေးကွက်သို့ ကျောက်ဆည်နယ်‌ဒေသတဝိုက်မှ ဝင်ရောက်လာကြောင်း၊ ဂျပန်နှမ်းဖြူသည် ပြီးခဲ့သည့်နှစ်ကာလတူအချိန်က သုံးတင်းဝင်တစ်အိတ် လျှင်ငွေကျပ် ၂၇၀,၀၀၀ ရှိခဲ့ရာမှ ယနေ့ပေါက်ဈေးများအနေဖြင့် သုံးတင်းဝင်တစ်အိတ်လျှင်ငွေကျပ် ၃၇၃,၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်မြင့်တက်လာကာ ဈေးနှုန်းကောင်းများရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ 

➡️ “မန္တလေး‌ဈေးကွက်ကို ကျောက်ဆည်နယ်ဒေသကနေ ဂျပန်နှမ်းဖြူတွေ ဝင်ရောက်နေပါတယ်။ ဂျပန်နှမ်းဖြူမျိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်နှမ်းမျိုးကို ယူပြီးတော့စတင်စိုက်ပျိုးခဲ့လို့ ဂျပန်နှမ်းဖြူလို့ ခေါ်တာပါ။ ဂျပန်နှမ်းဖြူရဲ့ထူးခြားချက်က ရိုးရိုးနှမ်းဖြူနဲ့စာရင် အရောင်လည်းဖြူတယ်၊ အလုံးအဖန်မှာလည်း ပိုထွားတယ်။ ဒါကြောင့် ရောင်းပန်းလှပြီးတော့ ရောင်းတန်းဝင်နေတာပါ။ နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက်၊ ရိုးရိုးနှမ်းဖြူ၊ ဂျပန်နှမ်းဖြူစတဲ့ အမျိုးမျိုးရှိတဲ့အထဲမှာ ဂျပန်နှမ်းဖြူနဲ့ စမုံနက် နှမ်းတွေကတော့ နှမ်းဈေးကွက်ထဲမှာ ရေပန်အစားဆုံး သီးနှံဖြစ်ပါတယ်။ ဂျပန်နှမ်းဖြူထွက်သမျှကို တရုတ်ပြည်ဈေးကွက်က ဝယ်ယူနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက နှမ်းကိုစားသုံးမှုအပြင် နည်းပညာအသုံးပြုပြီး အလှကုန်တွေ၊ မုန့်လုပ်ငန်းတွေနဲ့ ဆေးဝါးဖော်စပ်တဲ့နေရာတွေမှာ ထည့်သွင်း သုံးစွဲနေတယ်လို့ ကြားသိရတယ်။ ဇူလိုင်လထဲမှာ နှမ်းတွေလှိုင်လှိုင်ထွက်ပေါ်လာတော့မှာပါ။ ဝယ် လိုအား ကလည်း များနေပါတယ်။ နောက်ပိုင်းဆိုရင် ဈေးက တက်လာဖို့ အလားအလာကောင်းများ ရှိနေပါတယ်” ဟု ၎င်းကပြောသည်။ 

➡️ အဆိုပါ နှမ်းသီးနှံကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးရက် (၁၀၀) အတွင်း ပေါ်ထွက်လေ့ရှိသောသီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန် တစ်ခုဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် လယ်တွင်းကိုးခရိုင်မှ ထွက်ရှိလာသည့် ဂျပန်နှမ်းဖြူများသည် ဈေးကွက်အတွင်း၌ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။ 

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း