menu

ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ဈေးကွက်ခိုင်မာစွာရရှိစေရန် Makro စူပါမားကက်တွင် ရောင်းချမည်



🔰ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ဈေးကွက်ခိုင်မာစွာရရှိစေရန် Makro စူပါမားကက်တွင် ရောင်းချမည်🔰  
🍓🍇🥦🍍🍒🍐🌽🥑🍆🍋🍌🍑🥭🍅🥬🥒

➡️ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ဈေးကွက်ခိုင်ခိုင်မာမာရရှိစေရေးအတွက် ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်ဖွင့်လှစ်ထားသည့် Makro စူပါမားကက်တွင် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ဟင်းသီ းဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ် ရောင်းချနေသော တောင်သူများ ဈေးကွက်ပိုမိုရရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ARO Commercial Company Limited (Makro Myanmar) တို့ကြား နားလည်မှုစာချွန်လွှာကို မတ် ၁၀ ရက်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။  

➡️Makro ကုမ္ပဏီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနပိုင် မြေကိုးဧကပေါ်တွင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းများဆောင်ရွက်နေသည့် စူပါမားကက်ဖြစ်သည်။ Makro ကုမ္ပဏီသည် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးတွင် တစ်ဖက်တစ်လမ်းကအထောက် အကူပြုလိုခြင်း၊ အဖွဲ့အစည်းနှစ်ခုအကြား ရေရှည်အကျိုးဖြစ်ထွန်းလာစေရန်နှင့် ပြည်တွင်းထွက်ကုန်များ တိုးတက်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းလုပ်ဆောင် ရခြင်းဖြစ်ကြောင်း Makroမြန်မာက အုပ်ချုပ်မှု ဒါရိုက်တာ Mr. Saksit Panurachက ပြောသည်။  

➡️“ကျွန်တော်တို့အနေနဲ့ Makroနဲ့ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာ ကိုယ့် ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်သူတွေ ဈေးကွက်ရရှိဖို့ပါ။ သူတို့ပိုင်းကလည်း ဝယ်ချင်သလို ကျွန်တော်တို့ပိုင်းကလည်း ရောင်းချင်တာကြောင့် နှစ်ခုချိတ်ဆက်ပြီး လုပ်ဆောင်ရခြင်းဖြစ်တယ်“ ဟု MFVPဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။ ပြည်တွင်းက စိုက်ပျိုးသီးနှံများကို Makro ကုမ္ပဏီသို့ တင်ပို့ရောင်းချလိုသည့် တောင်သူများ မိမိတို့ စိုက်ပျိုးသီးနှံများသည် အရည်အသွေးကောင်းသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များဖြစ်ရမည့်အပြင် ဘေးကင်းလုံခြုံသည့် GAP နည်းလမ်းများ နှင့် အကျုံးဝင်သည့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးထားသော သီးနှံများဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

➡️တောင်သူနှင့် ကုမ္ပဏီချိတ်ဆက် ရောင်းချနိုင်ရန် အသင်းက ကြားခံ ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကာ တောင်သူများ အမှန်တကယ် တင်ပို့ရောင်းချနိုင်ပါက ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိလာနိုင်မည်ဖြစ်သည်။ “တောင်သူတွေမှာ ထွက်သမျှသီးနှံ တိုင်းအတွက် ဈေးကွက်ရဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိတယ်။ အခုဆိုရင် သူတို့ပြောတဲ့နည်းလမ်းတွေအတိုင်း စိုက်ပျိုးထုတ်လုပ်ပေးနိုင်ရင် ထွက်သမျှဝယ်ပြီး ဖြန့်ဖြူးပေးမယ်ဆိုတဲ့အခြေအနေတွေ ရှိလာပြီ။ ပင်းတယဘက်မှာဆိုလည်း GAPနည်းနဲ့ စိုက်ပျိုးတာကိုလည်း စီမံကိန်းချပြီးလုပ်နေတာရှိလို့ အဲဒီက စိုက်ပျိုးသီးနှံတွေကိုလည်း ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် တင် ပို့လာနိုင်မယ်“ဟု ဦးစိုးသန်းမင်းဒင်က ဆက်လက်ပြောကြားသည်။ လက်ရှိတွင် Makro ကုမ္ပဏီက ပါကင်ထုပ်ပိုးခြင်းနည်းစနစ်များကို တင်ပို့လိုသည့်တောင်သူများထံသို့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

- ဂျူးမေဇင်
- မြန်မာ‌တောင်သူကြီးများဂျာနယ်  
- ၂၀၂၀ပြည့်နှစ် မတ်လ (၁၆)ရက်။