menu

“သရက်သီးများကို ခြံဖြတ်ဈေးဖြင့် ဝယ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့မည်”


🥭🥭🥭🥭🥭🥭🥭🥭🥭🥭

⏭ယခင်သီတင်းပတ်များက မူဆယ်ပွဲရုံများမှတစ်ဆင့် တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့ရာတွင် ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ဆိုင်ရာ စစ်ဆေးမှုအခက်အခဲများကို ညှိနှိုင်းလျှော့ချနိုင်ပြီဖြစ်သဖြင့် တောင်သူများထံမှ အရည်အသွေးအလိုက်ဈေးပေးဝယ်ယူကာ တင်ပို့လျက်ရှိကြောင်း သိရသည်။

⏭သရက်တင်ပို့ရာတွင် မူဆယ်ထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာခြင်း၊ တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် ပို့ကုန်ဆိုင်ရာအခွန်နှင့်ကားခ၊ ပွဲခများအား ထည့်တွက်တင်ပို့ရန် မလိုတော့ဘဲ ပွဲရုံများက တောင်သူများခြံမှ အရည်အသွေး၊ အရွယ်အစားအလိုက် ဈေးကောင်းပေးဝယ်ယူကာ တင်ပို့သွားမည် ဖြစ်ကြောင်း မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

⏭“အကောင်းဆုံးအနေနဲ့ စီစဉ်ထားတာကတော့ အရင်နှစ်တွေက တောင်သူတွေက ပွဲရုံတွေကို အလုပ်အကြွေးပြုရတယ်ပြောကြသလို ဒီနှစ်တော့ ပွဲရုံတွေက တောင်သူတွေကို အလုပ်ကျွေးပြုမယ့် နှစ်လို့ ပြောပါရစေ။ ဆိုလိုတာက ပွဲရုံတွေက တောင်သူတွေ တင်ပို့တာတွေနဲ့ မနစ်နာရအောင် သရက်ခြံထဲမှာပဲ ဈေးဖြတ်ဝယ်ပေးသွားပါမယ်။ မူဆယ်ကို ရောက်လာတဲ့အချိန် ပွဲရုံတွေက ချိန်ဆပြီး တင်ပို့မယ်။ ရှုံးတာမြတ်တာ ကိုယ်ဖာသာခံပြီး တရုတ်ကို တင်ပို့မယ်။ ပွဲရုံတွေကတော့ အရင်အသီးတင်ပို့နေကြဖြစ်တဲ့ကိုယ့်တောင်သူတွေကို ခြံထဲမှာတင်ပေါက်ဈေးဖြတ်ဝယ်ပြီး တင်ပို့သွားမှာပါ။ အသီးတင်ပို့မှုမှာ ကြန့်ကြာတာတွေ ကုန်ကျစရိတ်တွေ အလေအလွင့်တွေ ပွဲခတွေကို ပွဲရုံတွေကခံပြီး တောင်သူကို အရည်အသွေးအလိုက် တောင်သူတွေ မနစ်နာမယ့်ဈေးကို ပေးဝယ်သွား မှာပါ။ စိန်တလုံးရာသီအပြီး ဟင်္သာ၊ရင်ကွဲ သရက်သီးတွေကိုလည်း ဝယ်ပေးသွားမှာပါ ” ဟု ၎င်းက ပြောသည်။

⏭စိန်တလုံးသရက်ဈေးကွက်ကို ဧပြီလ(၃၀)ရက်နေ့က တရုတ်နိုင်ငံဝမ်တိန်သို့ ကျင်စန်းကျော့ နယ်စပ်ပေါက်မှ တရုတ်ကားရှန်တိန်ဖြင့် စတင်ကာ တင်ပို့ခဲ့ကြောင်းသိရပြီး ထိုသို့တင်ပို့ရာတွင် ကိုဗစ်ဆေးဖျန်းခြင်း များသွားသဖြင့် အသီးအရည်အသွေးများ ကျဆင်းမှုဖြစ်ပေါ်ခဲ့ရသဖြင့် ယင်းဖြစ်စဉ်ကို တရုတ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်သုံးသပ်ညှိနှိုင်းကာ အဆင်ပြေခဲ့ကြောင်း သိရသည်။ လက်ရှိအသီး တင်ပို့ရာတွင်ရောဂါပိုးစစ်ဆေးမှုများနှင့် အကောက်ခွန်ဆိုင်ရာရှင်းလင်းမှုများ၊ တရုတ်ကားချိန်းပြောင်းခြင်းများ အပါအဝင် ကုန်ကျစရိတ်များအပြင် သုံးရက်ခန့်သာ ကြာမြင့်တော့ကြောင်း သိရသည်။

⏭ယခုနှစ်အသီးပေါက်ဈေးမှာ အရည်အသွေးအလိုက် ၁၆ကီလိုတစ်ခြင်းလျှင် ယွမ် ၈၀-၁၀၀-၁၁၀ ခန့်ပေါက်ဈေးရရှိပြီး ယွမ်ငွေ ပြင်ပပေါက်ဈေးမှာ တစ်ယွမ်လျှင် ၃၁၅ကျပ် ရှိကြောင်း သိရသည်။ လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့ပြီး ၁၆ကီလို စိန်တလုံးသရက်သီးတစ်ခြင်းလျှင် တရုတ်ယွမ်ငွေ ပေါက်ဈေးအရ မြန်မာကျပ်ငွေ ၃၀,၀၀၀ကျော် ပျမ်းမျှရရှိကြောင်း သိရသည်။

⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)