menu

ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဖရဲ၊ သခွား တောင်သူများ အဆင်ပြေလာ



💠ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဖရဲ၊ သခွား တောင်သူများ အဆင်ပြေလာ💠  
🍉🍈🍉🍈🍉🍈🍉🍈🍉🍈🍉🍈  

🔹COVID-19 ရောဂါကြောင့် နိုင်ငံ့စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ပို့ကုန်လုပ်ငန်းများကို ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို ယခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဖရဲ၊ သခွားများ တင်ပို့ရောင်းချနေသည့် တောင်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား တင်ပို့ရောင်းချသူများအစုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။  

🔹“ပွဲရုံတွေက ကောက်ခံတာ အမျိုးမျိုးဖြစ်တယ်။ ဂျူတီကြေး၊ကြိုတင်ဝင်ငွေခွန်ဆိုပြီး ဘောက်ချာဖွင့်တဲ့ထဲ ထည့်ထားတယ်။တောင်သူတွေသိတာက နှစ်ရာခိုင်းနှုန်းအနေနဲ့ ကောက်တာမဟုတ်ဘဲ သခွားဆိုရင် တစ်တန်ကို ကျပ် ၇၀၀၀ နှုန်း၊ ဖရဲဆိုရင် တစ်တန် ၄၀၀၀ နှုန်းကောက်တယ်။ ဒါက ရောင်းလို့ ရလား၊ မရလား မသိသေးဘူး။ မူဆယ်တိုးလ်ဂိတ်ဝင်တာနဲ့ ကောက်တာပါ။ အခုလိုမကောက်တော့ဘူးဆိုတော့ တောင်သူအတွက် ခုသာခံသာရှိလာတာပေါ့။ ဒါတွေက တောင်သူဆီကပဲကောက်တာမို့ပါ။ ဒါကို ရေရှည် အမြဲခံစားခွင့်ရအောင် အသင်းအနေနဲ့သက်ဆိုင်ရာကို တင်ပြသွားမှာပါ“ ဟု ၎င်းက ပြောသည်။

🔹COVID-19 ရောဂါကြောင့် နိုင်ငံ့စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အခွန်အကောက်ဖြေလျှော့ခြင်း၊ အတိုးနှုန်းလျှော့ချခြင်း၊ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ၊ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေးတို့ကို စီမံပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပို့ကုန်လုပ်ငန်းများက ကြိုတင်ကောက်ခံသည့်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ယခုဘဏ္ဍာနှစ်ကုန် (စက်တင်ဘာလကုန်)အထိ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံက မတ် ၁၆ ရက်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် နိုင်ငံတော်၏စီးပွားရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်းပြီး ပြည်သူလုထုကို မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားသည်။  

🔹ကြိုတင်ခွန် နှစ်ရာခိုင်နှုန်းကို စက်တင်ဘာလကုန်အထိ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ ပို့ကုန်လုပ်ငန်းအားလုံး အကျုံးဝင်ကြောင်း၊ ဖရဲ၊ သခွားတောင်သူတွေအတွက် တိုက်ရိုက်အကျိုးခံစားခွင့်ရတဲ့ ကင်းလွတ်မှုမျိုးဖြစ်လာကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက မြန်မာတောင်သူကြီးများဂျာနယ်ကို ပြောသည်။“ပို့ကုန်သမားအားလုံးကို ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကင်းလွတ်ခွင့်ကို ဧပြီ ၁ ရက်က စတင်ပြီး ကောက်ခံခြင်းမရှိတော့ပါဘူး။ စက်တင်ဘာလကုန်အထိ ခွင့်ပြုထားပါတယ်။နယ်စပ်ပို့ကုန်တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံတကာပို့ကုန်လုပ်ငန်းအားလုံးအကျုံးဝင်ပါတယ်။ ဖရဲ၊ သခွားတောင်သူတွအတွက်တော့ တိုက်ရိုက်အကျိုးခံစားခွင့်ရတဲ့ ကင်းလွတ်မှုမျိုးဖြစ်လာတာပါ“ဟု ၎င်းင်းက ပြောသည်။  

🔹ဧပြီ ၁ ရက်ကကစတင်ပြီး တောင်သူတွေကိုကောက်ခံသည့် အခွန်နှစ်ရာခိုင်နှုန်းမရှိတော့ကြောင်း၊ စာရွက်စာတမ်းကြေးလောက် သာရှိသော်လည်း ပွဲရုံက ကျခံပေးပြီး အခွန်ကောက်ခံမှုမရှိတော့ကြောင်းနှင့် အသီးကွင်းဝင်ကြေး ယွမ် ၅၀ သာ ကောက်ခံတော့ကြောင်း၊ ကုန်စည်ဒိုင်ကြေးကို မတ်လဆန်းပိုင်းကတည်းက ကင်းလွတ်ခွင့်ပြုထားကြောင်း ခွာညိုပွဲရုံပိုင်ရှင်ဦးစိုင်းခင်မောင်က ပြောသည်။ “အခွန်နှစ်ရာခိုင်နှုန်းကင်းလွတ်ခွင့်ရတော့ စာရွက်စာတမ်းကြေးလောက်ပဲ ရှိတော့တယ်။ ဘာမှမရှိတော့ပါဘူး“ ဟု ၎င်းက ပြောသည်။  

- ရွှေမန်း  
- မြန်မာ‌တောင်သူကြီးများဂျာနယ်  
- ၂၀၂၀ပြည့်နှစ် ဧပြီလ (၆)ရက်။