menu

ကြက်သွန်နီဈေး အနည်းငယ်ပြန်တက်လာသော်လည်း တောင်သူများထံတွင် လက်ကျန်နည်းနေ


🎋🧅🎋🧅🎋🧅🎋🧅🎋🧅🎋 

🔘ယခုမေလအတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်တက်လာသော်လည်း တောင်သူများလက်ဝယ်၌ ကြက်သွန်နီရောင်းချရန် လက်ကျန်နည်းလာကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး မြို့သစ်၊ နတ်မောက်၊ မကွေး၊မင်းဘူး (စကု)၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်းနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် ကြက်သွန်နီစိုက်ပျိုးကြသည်။ ဧပြီလအတွင်းက ကြက်သွန်နီတစ်ပိဿာကို ကျပ် ၂၅၀ မှ ၃၅၀ကြားအထိ ကျဆင်းခဲ့သော်လည်း မေလပထမပတ်အတွင်းကစ၍ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၄၅၀ အထိ ဈေးတက်လာကြောင်း မကွေးမြို့ မြို့မဈေး ကြက်သွန်နီအရောင်းကိုယ်စားလှယ် တစ်ဦးကပြောသည်။ 

🔘"ကြက်သွန်နီဈေးကတက်လာလည်း တောင်သူတွေလက်ထဲမှာ လက်ကျန်က နည်းသွားပြီ။ လာမဲ့နှစ် ပြန်စိုက်ဖို့မျိုးလောက်နဲ့ အိမ်မိသားစုစားဖို့လောက် ထားကြတာ။ ကြက်သွန်နီပေါ်ခါစက ပိဿာချိန် ၁၀ဝ တင်သွားလို့ အပြန် ဆန်တစ်အိတ်မရဘူး။ အခုနှစ်က ကြက်သွန်နီက တောင်သူတွေ တော်တော်ကို အရှုံးပေါ်ကြတယ်"ဟု တောင်သူ ဦးညွန့်ဝင်းက ပြောသည်။ယခုနှစ်တွင် ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်ကျဆင်းနေခြင်းဖြစ်ပြီး လက်ရှိတက်လာသည့်ဈေးဖြစ်သည့် တစ်ပိဿာ ကျပ် ၄၅၀ ဈေးနှုန်း မှာပင် တောင်သူများအတွက် အရှုံးပေါ်နေသေးကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အောက်တွင်သာ ရှိသေး ကြောင်း တောင်သူများထံမှ သိရသည်။ 

🔘၂၀၂၀ ပြည့်နှစ်အတွင်းက တောင်သူများအနေဖြင့်သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလအတွင်း ဥမျိုးစိုက်သည့် ကြက်သွန်နီများမှာ ပြာသိုလအတွင်း ရောင်းချရာ ကိုင်းထဲအရောက် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၅၅၀ဈေးရောင်းချပြီး နတ်တော်လအတွင်းစိုက်သည့် အပင်စိုက်မျိုးမှာတစ်ပိဿာ ကို ၅၀၀ ကျော် ရောင်းကြသည်။ ယခုနှစ်တွင် ကြက်သွန်နီစပေါ်ချိန်က တစ်ပိဿာကို ကျပ် ၁၀၀ မှ ၁၅၀ ဝန်းကျင်သာရောင်းချကြကြောင်း တောင်သူများကပြောသည်။ 

🔘အင်းနက်ကျေးရွာက တောင်သူဦးကျော်ဆွေက "ကျွန်တော်တို့ ယင်းကွေ့ချောင်းတစ်လျှောက်မှာက သဲသောင်မြေပေါ်တာနည်းတော့ စိုက်တာ နည်းကြတယ်။ စိုက်တဲ့တောင်သူကလည်း ဈေးကမရတော့ အရှုံးပေါ်တာပေါ့။အခုကကြက်သွန်နီကဈေးတက်လာလည်းတောင်သူလက်ထဲမှာလက်ကျန်ကနည်းသွားပြီ။ ကြက်သွန်နီလှောင်တဲ့ ကုန်သည်အသိုင်းအဝိုင်းမှာသာ ရှိမှာပါ"ဟုပြောသည်။ 

🔘တစ်ကျော့ပြန်ဖြစ်လာသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ ကြက်သွန်နီ မတင်ပို့နိုင်သည့်အတွက် ဈေးများထိုးကျသွားခြင်းဖြစ်ကြောင်း ၊ ကြက်သွန်နီမှာပြည်တွင်းစားသုံးသည့် ပမာဏထက် ပိုမိုစိုက်ပျိုးထွက်ရှိသဖြင့် ပြည်ပတင်ပို့နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင်စားသောက်ဆိုင်များပိတ်ထားခြင်း၊ ဈေးကွက်အခြေအနေမကောင်းခြင်းတို့ကြောင့် လည်း ပြည်တွင်းစားသုံးမှုလျော့ကျနေကြောင်း တောင်သူများက ပြောသည်။ 

Credit : အောင်တင်ဝင်း (မြန်မာတောင်သူကြီးများဂျာနယ်)