menu

ကြက်သွန်ဖြူ၊ အာလူး နှင့် စားအုန်းဆီတို့ ဈေးနှုန်းမြင့်တက် .....


🔘၂၀၂၁ခုနှစ်အတွင်း ရက်သတ္တတစ်ပတ်ခန့်ကြာလာသော်လည်း နယ်အပါအဝင်ရန်ကုန်ဈေးကွက်တွင် ၂၀၂၀ထွက် နွေကြက်သွန်အဟောင်းများရောင်းဝယ်နေဆဲရှိသည်။ ကြက်သွန်နီအဟောင်းတွင် အလုံးကြီး များ အဝယ်လိုက်ပြီးဈေးမြင့်လာသည်။ ဇန်နဝါရီ(၆)ရက်တွင် ဆိပ်ဖြူအဟောင်းလက်ကားတစ်ပိဿာ ကျပ် ၂၅၀ မှ ၆၀၀ နှုန်းရှိသည်။ ဆိပ်ဖြူအသစ်မှာမူ ကျပ် ၂၅၀ မှ ၅၅၀၊ မြင်းခြံ ကျပ် ၃၀၀ မှ ၇၀၀၊ မုံရွာ ကျပ် ၃၅၀ မှ ၆၅၀၊ မြစ်သား ကျပ် ၆၅၀ မှ ၈၅၀ နှုန်း အသီးသီး ရှိသည်။  

🔘ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီအရောင်းအဝယ်အေး ဈေးနှုန်းလည်းပုံမှန်သာရှိသော်လည်း နယ်စပ်အခက်အခဲ ရှိသည်ဆိုသောအကြောင်းပြချက်ဖြင့် ကြူကုတ်ကြက်သွန်ဖြူများဈေးနှုန်းမြင့်လာပြီး ရှမ်းကြက်သွန်ဖြူပါ ၂၀၂၁နှစ်ဆန်းရက်တွင် သိသာစွာဈေးမြင့်တက်လာသည်။ ၂၀၂၀ နှစ်ကုန်ပိုင်း ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကားတစ်ပိသာ ကျပ် ၁,၉၀၀ မှ ၂,၅၅၀ ၊ ကြူကုတ်ကြက်သွန်ဖြူ ကျပ် ၁,၉၅၀ နှုန်းသာရှိရာက ၂၀၂၁နှစ်ဆန်းပိုင်း ဈေးမြင့်တက်လာရာ ဇန်နဝါရီ(၆)ရက်တွင် ရှမ်းကြက်သွန်ဖြူ လက်ကားတစ်ပိသာ ကျပ် ၂,၁၀၀ မှ ၂,၈၅၀ ၊ ကြူကုတ်ကြက်သွန်ဖြူ ကျပ် ၂,၂၀၀ နှုန်းသို့ ဈေးနှုန်းမြင့် တက်လာသည်။  

🔘အာလူးဈေးကွက်တွင်လည်း တရုတ်အာလူးဈေးနှုန်းသည် ဒီဇင်ဘာ(၃၀)ရက်တွင် ကျပ် ၅၄၀ နှုန်းသာရှိခဲ့ သော်လည်း ၂၀၂၁ ဇန်နဝါရီ(၆)ရက်တွင် ကျပ်၇၀၀ နှုန်းသို့ မြင့်တက်လာသည်။ အလားတူ ရှမ်း အောင်ပန်း အာလူး လက်ကားတစ်ပိသာ ဈေးနှုန်းသည်လည်း ၂၀၂၀ ဒီဇင်ဘာ(၃၀)ရက်တွင် ကျပ် ၃၈၀ မှ ၆၅၀ နှုန်းရှိရာက ၂၀၂၁ ဇန်နဝါရီ(၆)ရက်တွင် ကျပ် ၄၃၀ မှ ၇၀၀ နှုန်းသို့မြင့်တက်လာသည်ဟု အာလူး ဈေးကွက်မှသိရသည်။  

🔘၂၀၂၀ အတွင်းမန်ကျည်းဈေးနှုန်းအမြင့်တွင်ရှိသကဲ့သို့ ၂၀၂၁ နှစ်ဆန်းရက်များတွင်လည်း ဈေးနှုန်းအမြင့် တွင်ရှိနေဆဲဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီ(၆)ရက်တွင် ဒါးဇင်းမန်ကျည်းလက်ကားတစ်ပိဿာ ကျပ် ၂,၇၀၀၊ မန်ကျည်း အသားကျပ် ၃,၉၀၀ ဝန်းကျင်ဈေးနှုန်းရှိသည်။  

🔘၂၀၂၁ နှစ်ဆန်းရက်ပိုင်းအတွင်း အထူးခြားဆုံးဈေးနှုန်းပြောင်းလဲမှုမှာ စားအုန်းဆီ ဖြစ်သော်လည်း နှစ်ကုန်ဒိုင်ပိတ်ရက်ငါးရက်မတိုင်မီ ဒိုင်နောက်ဆုံးဖွင့်ရက်ဖြစ်သော ၂၀၂၀ဒီဇင်ဘာ(၃၀)ရက်နှင့် ပြန်လည်ဖွင့်ရက်ဖြစ်သော ၂၀၂၁ ဇန်နဝါရီ(၅)ရက် နှင့် (၆)ရက်တို့အတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၉၀ မြင့်တက်လာသည်။ ၂၀၂၁ ဇန်နဝါရီ(၆)ရက်တွင်စားအုန်းဆီ လက်ကားတစ်ပိဿာရောင်းဈေး ကျပ် ၂,၅၃၀ နှုန်းအထိမြင့်တက်လာသည်ဟု နေ့စဉ်ထုတ်ပြန်နေသော ဆီဈေးနှုန်းစာရင်းများအရ သိရသည်။

🔘ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစဉ်းငုံဈေးနှုန်းများလည်းပြန်လည်မြင့်တက်လာရာ ၂၀၂၁ ဇန်နဝါရီ (၆)ရက်တွင် ၂၀၂၀ထွက် မတ်ပဲ RC တစ်တန် ကျပ် ၉၈၇,၅၀၀၊ ၂၀၂၁နှစ်သစ်ထွက် ပဲစင်းငုံ(နီ) RC တစ်တန် ကျပ် ၇၅၂,၅၀၀ နှုန်းရှိလာသည်။ ပဲစင်းငုံ(နီ) RC ဈေးနှုန်းမှာ ၂၀၂၀ဒီဇင်ဘာ(၃၀)ရက်တွင် ၂၀၂၀ ထွက် တစ်တန် ကျပ် ၆၉၅,၀၀၀ နှုန်းရှိပြီး ၂၀၂၁နှစ်သစ်ထွက်မှာ ကျပ် ၇၅၀,၀၀၀ နှုန်း ရှိသည်ဟုသိရသည်။  

မောင်စေအောင် 

 မြန်မာတောင်သူကြီးများဂျာနယ် 

 ၂၀၂၁ ခုနှစ် ဇန်နဝါရီ လ (၁၁-၁၇)ရက်။