menu

ကမ္ဘာ့ရာဘာဈေးနှင့်အတူ ပြည်တွင်းရော်ဘာဈေးပါကျဆင်းနေ


🌳🌳🌳🌳🌳🌳🌳🌳🌳🌳

⏭လက်ရှိရာဘာခြံပိတ်ရာသီတွင် ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေသောကြောင့် ပြည်တွင်းရော်ဘာဈေးပါ လိုက်ပါကျဆင်းနေကြောင်းလုပ်ငန်းရှင်များထံမှသိရသည်။ ပြည်ပ အရောင်းအဝယ် ရှိသော်လည်း ရာဘာခြံပိတ်ရာသီဖြစ်၍ ပစ္စည်လက်ကျန်များသာ ပြည်ပသို့ တင်ပို့နေကြောင်းလည်းသိရသည်။

⏭“ပြည်တွင်းကတော့ ခြံပိတ်ရာသီဖြစ်သွားပြီ၊ နိုင်ငံတကာပေါက်ဈေးကတော့ ဒီအပတ်ကတော့ ကျ တယ်။ နောက်ပြီး နိုင်ငံတကာဈေးပေါ်မှာပဲ မူတည်တယ်။ ကမ္ဘာ့ဈေးကျလို့ ပြည်တွင်းရာဘာဈေးက လိုက်ကျတာ။ ရော်ဘာကတော့ ထွက်သမျှရောင်းကုန်တယ်” ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ ယခင်က ပြည်တွင်းရာဘာ တစ်ပေါင်လျှင် ၁,၂၀၀ ကျော်ထိရှိပြီး လက်ရှိတစ်ပေါင်လျှင် ၁,၁၀၀ မှ ၁,၁၅၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။

⏭ပြည်ပလိုအပ်ချက်များရှိနေပြီး ဒေါ်လာဈေးမှာလည်း အမြင့်ဈေးတွင်ရှိနေသောကြောင့် ရာဘာဈေးမှာ တစ်ထောင် အထက်တွင်သာ ရှိကြောင်း၊ ရော်ဘာဈေးမှာ ဒေါ်လာဈေးပေါ်မူတည်ပြီး မြင့်တက်နိုင်ဖွယ် တော့ရှိကြောင်းသိရသည်။ နောက်ပိုင်း နိုင်ငံတကာ၌ ကိုဗစ်နှင့် နောက်ဆက်တွဲရောဂါများပျောက် သွားပြီး ရာဘာနှင့် ဆက်စပ်စက်ရုံများ၊ လုပ်ငန်းများ ပြန်လည်လည်ပတ်လာမည်ဆိုပါက ရာဘာဈေးမှာ ၁,၂၀၀ ပတ်ဝန်းကျင်သို့ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်း ခန်မှန်းကြသည်။

⏭လက်ရှိ မိုးရွာသွန်းမှုများရှိနေသောကြောင့် ရော်ဘာခြစ်သည့် လုပ်ငန်းများရပ်နားထားကြပြီး ခြံပြုပြင်ထိန်းသိမ်းမူများ လုပ်ကြကြောင်းသိရသည်။ “မိုးကဆက်တိုက်ဆိုသလို ရွာနေတာ။ အဲလိုမိုးရွာရင် အစေးခြစ်တဲ့အခါမှာ အထွက်နှုန်းကနည်းတော့ မိုးတွင်းကာလမှာခြံတွေအကုန် ပိတ်ထားရတယ်။ ခြံပိတ်ရာသီအတွင်းမှာတော့ အပင်ပြုပြင်တာ၊ မြေဩဇာကျွေးတာ၊ တိုးချဲ့စိုက်ပျိုးတဲ့လုပ်ငန်းတွ လုပ်ကြတယ်” ဟု ရာဘာခြံလုပ်ငန်းရှင် တစ်ဦးကပြောသည်။ လက်ရှိ နိုင်ငံတကာပေါက်ဈေး တစ်တန်လျှင် ယခင်က ဒေါ်လာ၂၀၀၀ကျော်ထိရှိခဲ့ပြီး လက်ရှိ ဒေါ်လာ ၂,၀၀၀ ပတ်ဝန်းကျင်သာရှိကြောင်းသိရသည်။

⏭လက်ရှိတွင်မြန်မာ့ရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်းသိရသည်။ အခုထိ ပင်လယ် ရေကြောင်းက သွားသည့်အခါမှာ ကွန်တိန်နာရရှိမှုများ၊ သင်္ဘောရက်ချိန်းရရှိမှုများတော့ ရှိနေသေးကြောင်းကုန်သည်များထံမှသိရသည်။

⏭ပြည်ပနိုင်ငံများသို့ နှစ်စဉ်ရာဘာတန်ချိန်သုံးသိန်းခန့်တင်ပို့လျက်ရှိကြောင်းသိရသည်။ ရာဘာ တစ်နိုင်ငံ လုံးစိုက်ဧက တစ်သန်းခြောက်သိန်း နှင့်လေးသောင်းကျော် ထိရှိပြီး ရာဘာအထွက်နှုန်းမှာ တစ်နှစ်နှင့် တစ်နှစ်အထွက်နှုန်း များလေ့ရှိကြောင်းလည်း သိရသည်။ ရာဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာမိုးရာသီတွင် ရာဘာလုပ်ငန်းများ ရပ်နားလျက်ရှိသည်။

Sources : ဖိုးချဲ (AMIA)