menu

“ထက်ဝက်ကျော်မြင့်တက်လာသည့် ငရုတ်သီးခြောက်စျေး”


🌶🌶🌶🌶🌶🌶🌶🌶🌶🌶

✔️အထွက်နှုန်းလျော့ကျနေသည့်အတွက် ပြည်တွင်း၌ ငရုတ်သီးခြောက်စျေး တစ်ပတ်အတွင်း ထက်ဝက်ကျော်ထိ မြင့်တက်နေကြောင်း ငရုတ်သီးကုန်သည်များထံမှ သိရသည်။

✔️မြေဩဇာ နှင့် စက်ပစ္စည်းများက စျေးကြီးနေခြင်းကြောင့် ပုံမှန်စိုက်ပျိုးနေသည့် ငရုတ်သီးစိုက် တောင်သူ များအနေဖြင့် အရင်းနှီးများ၍ ယခုနှစ်တွင် မစိုက်နိုင်တော့ခြင်း၊ မိုးခေါင်ခြင်း ကြောင့်လည်း အထွက်နှုန်းများကျဆင်းနေကြောင်းလည်းသိရသည်။ ထို့ပြင် စျေးကွက်တွင်စိုက်အား နှင့် ထွက်အား မှာပုံမှန်နှစ်များနှင့် ယှဉ်ပါက ၅၀ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကာ စျေးများဆက်တိုက်ဆိုသလိုမြင့်တက်နေ ကြောင်းသိရသည်။

✔️“စားသုံးသူများပြီး ထွက်အားမလောက်လို့ တက်နေတာလို့ပြောလို့ရတယ်။ တချို့တောင်သူတွေက မြေဩဇာစျေးကြီးလို့ မစိုက်တော့တာရှိသလို၊ အညာဒေသ ဘက်တွေမှာ စိုက်တဲ့အချိန်တုန်းက မိုးခေါင် ခဲ့လို့ အသီးမကောင်းတာ၊ အပင်တွေသေတာတွေရှိတော့ အထွက်နှုန်းတွေ ကျသွားတာလို့စျေးတွေ တက်သွားတယ် ပြောလို့ရတယ်။ ငရုပ်သီးက အခြေခံစားသောက်ကုန်ထဲမှာပါတော့ မဖြစ်မနေ ဝယ်ရတဲ့သူတွေ ရှိကြတာပေါ့” ဟု နေပြည်တော် လယ်ဝေးမြို့နယ် မှ ငရုပ်သီးကုန်သည်ကိုဇော်ထိုက်အောင် က ပြောသည်။ 

✔️ငရုတ်သီးခြောက်မှာ စျေးတက်နေသော်လည်း ပြီးခဲ့သည့်နှစ်များနှင့်ယှဉ်ပါက အရောင်းဝယ်ကျ ဆင်းနေကြောင်း ကုန်သည်များမှ ဆိုသည်။ ယခင်က ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၈,၀၀၀ကျပ် သာရှိပြီး ဇူလိုင်လ တတိယပတ်မှစတင်၍ တဖြည်းဖြည်း မြင့်တက်လာကာ လက်ရှိတွင် တစ်ပိဿာ ၁၈,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ၎င်းအပြင် ငရုတ်အစိုစျေး တောင်သူစျေး တပိဿာ ၄,၅၀၀ အထိ ဝယ်ရကြောင်းလည်း သိရသည်။ 

✔️လက်ရှိ ပြည်ပတင်ပို့ရာတွင် ဒေါ်လာလဲလှယ်မူ အပါအဝင် တခြားမူဝါဒ အကန့်အသတ်များ ရှိနေခြင်း တင်ပို့ရန် အခက်ခဲရှိနေသလို ပြည်တွင်း၌လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ငရုတ် တင်ပို့မှုမှာလည်း ၅၀ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်းကုန်သည်များထံမှ သိရသည်။ 

✔️“လက်ရှိ ငရုတ်အခြောက် ရောင်းတဲ့သူမရှိသေးဘူး။ ကိုယ်ဆီဝယ်နေကြသူတွေကို ရောင်းချင်လို့ အမှည့်အစိုကို အခြောက်ပြန်လှန်းရတာ။ အစောပိုင်းက ပြည်ပတင်ပို့တဲ့အခါမှာ အရင်က အခက်ခဲသိပ်မရှိဘူး သူတို့လိုချင်တဲ့ ငရုတ်အမျိုးအစားကို လိုင်းပေါ်က ဓာတ်ပုံရိုက်ပြပြီး ကြိုက်ရင် စျေးညှိ ပစ္စည်းအာမခံပေးပြီး ရောင်းကြတာ။ စျေးတန်းကလဲသူပေးတဲ့စျေးနဲ့ ကိုယ်ရောင်းနိုင်တဲ့စျေးနဲ့ အဆင်ပြေတယ်။ အခုတော့ပြည်ပက စျေးအများကြီးမလိုက်ဘူး။ ပြည်ပက လက်ရှိသူတို့လိုချင်တဲ့ အား မရှိတော့ စျေးမဖွင့်သေးဘူး။ ပစ္စည်းကလိုချင်တယ်။ များများကမရဘူး။ စျေးတန်းကလဲ မြင့်နေတဲ့ အပိုင်း ဖြစ်နေတော့မဝယ်သေးဘူး။ ဒီရက်ပိုင်းမှာ တစ်စီးသွားတာ တစ်သောင်းစျေးနဲ့ ရောင်းလိုက်တာ ရှုံးသွားတယ်။ ကိုယ်ရောင်းပြီးတဲ့အချိန်မှ တစ်သောင်းကျော်နဲ့ ဖြစ်သွားလို့ ဝယ်ပြီး ပို့လိုက်ရတယ်” ဟု ငရုတ်သီးများအား ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ သို့အဓိကတင်ပို့နေသည့် မထိုက်ထိုက်ထွေးက ပြောသည်။ 

✔️ဩဂုတ်လ (၅) ရက်နေ့မှ စတင်ကာ ပို့ကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၁,၈၅၀ ကနေ ၂,၁၀၀ ကျပ်ကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းမှရငွေကိုလည်း ၆၅ ရာခိုင်နှုန်းသာ ဒေါ်လာဖြင့်ပြန်လဲလှယ်ဖို့ အနည်းငယ်ဖြေလျှော့ခဲ့ကြောင်း သိရသည်။ “မြဝတီ ပို့ရင် လက်ရှိ ဘတ်နဲ့ပဲရောင်းကြတယ်။ အခုလောလောဆယ်တော့ ဒေါ်လာနဲ့ မဟုတ်သေးဘူး။ အခုက ပြည်ပထွက်ကုန်သိပ်မရှိသေးတော့ နောက်ပိုင်းတော့ သူတို့သတ်မှတ်ထားတဲ့ အတိုင်း ဆောင်ရွက်ရင် တော့ ထိခိုက်နိုင်တာပေါ့ အများကြီးထွက်ရပြီဆို သူများနည်းတူလုပ်ရတော့မယ်လေ။ အခုက မြန်မာငွေ နဲ့ သိပ်မယူဘူး။ ဘတ်နဲ့ပဲယူတယ်။ ဘတ်စျေးက ငြိမ်တယ်။ မြန်မာငွေက ထိုးကျနေတာ” ဟု မထိုက်ထိုက်ထွေးက ဆက်လက်ပြောသည်။

✔️လက်ရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း ၊ ဗီယမ်နမ်၊ လာအို ၊ မလေးရှား စသည့်နိုင်ငံများ သို့ တင်ပို့နေကြောင်းလည်း သိရသည်။ ငရုတ် ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့အတွင်း အများအပြားစိုက်ပျိုး ထွက်ရှိသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ