menu

လေးနှစ်အတွင်း သကြားဈေး အမြင့်ဆုံးဖြစ်လာ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

🔹ပြည်ပနိုင်ငံများက သကြားဝင်ရောက်မှုမရှိခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် လက်ကျန်နည်းပါးနေခြင်းတို့ကြောင့်လေးနှစ်အတွင်း သကြားတစ်ပိဿာ အမြင့်ဆုံးဈေးရရှိလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သကြား နှင့် သကာရည်ကုန်စည်ဒိုင်အသင်းအတွင်းရေးမှူး ဦးသီဟထွန်းထံမှ သိရသည်။

🔹သကြားဈေးနှုန်းမှာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ အောက်တွင်သာရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၁,၃၀၀ အထိ ရရှိနေခြင်းဖြစ်သည်။ "ပြည်တွင်းစိုက်ပျိုးမှုက မနှစ်က ကိုဗစ်ဖြစ်တာနဲ့ ဈေးကွက်ကလည်း မကောင်းတဲ့အတွက် ကြံကိုလျှော့စိုက်ကြတယ်။ အဲဒါကြောင့် ဒီနှစ်ကြံထွက်နှုန်းနည်းတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာလည်း သကြားဈေးနှုန်းတွေက မြင့်နေတဲ့အတွက် ပြည်တွင်းကို တင်သွင်းနိုင်ခြင်းမရှိကြဘူး။ ဒါကြောင့် အခုလို ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါ တယ်။ လတ်တလော အနေအထားအရ ကျဖို့မရှိနိုင်သေးဘူး"ဟု၎င်းက ပြောသည်။

🔹နိုင်ငံတကာ သကြားဈေးကွက်အခြေအနေကို အပတ်စဉ်ထုတ်ပြန်ပေးနေသည့် International Sugar Organization(ISO) ၏ website www.iso sugar.org ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ နိုင်ငံတကာ သကြားဈေးကွက်အခြေအနေ ထုတ်ပြန်ပေးရာတွင် နိုင်ငံတကာသကြားဈေးကွက်များ၏ သကြားဈေးနှုန်းများမှာ မတ် ၁ ရက်က တစ်တန်လျှင် ၄၅၀ ဒသမ ၇၅ ဒေါ်လာပေါက်ဈေးရှိနေရာမှ ဧပြီ ၂၈ ရက်တွင် ၄၇၇ ဒသမ ၉ ဒေါ်လာသို့ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။ 

🔹နိုင်ငံတကာဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ဈေးကွက်အတွင်း ဧပြီလနောက်ဆုံးပတ်တွင် ကြံတစ်တန်လျှင် အမေရိကန် ၃၄၃ ဒေါ်လာအထိ ပေါက်ဈေးရှိခဲ့ပြီး တရုတ်နိုင်ငံတွင် တစ်တန်လျှင် အမေရိကန် ၈၅၄ ဒေါ်လာအထိ မြင့်တက်လာကြောင်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေး ဒေသတွင်လည်း သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ အထိ မြင့်တက်လာကြောင်း သိရသည်။

🔹"ပြည်ပက သကြားဈေးနှုန်းတွေ မြင့်တော့ ပြည်တွင်းကိုသွင်းလည်း မကိုက်တဲ့အတွက် မတင်သွင်းကြတော့တဲ့သဘောပါ။ အခုအခြေအနေတွေကို ကြည့်ပြီး ပြည်တွင်းက သကြားစက်ရုံတွေကလည်း ဈေးနှုန်းကို ထိန်းပြီး ရောင်းကြတဲ့အတွက် အခုလိုဈေးတွေ တက်လာတာပါ။ ဒါပေမဲ့ ပြည်တွင်းစားသုံးဖို့ သကြားလုံလောက်စွာ ရှိနေတဲ့အတွက် တအားကြီးတော့ တက်မဲ့အခြေအနေမရှိပါဘူး"ဟု သကြားကုန်သည် ဦးသန့်ဇင်မောင်က ပြောသည်။

🔹လက်ရှိအခြေအနေများကြောင့် ကြံက ထုတ်လုပ်သော ထုတ်ကုန်များဖြစ်သည့် ပွက်ရည်၊ ပွက်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁,၀၃၀ အထိ မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီး သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်းထံမှ သိရသည်။

Credit : မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)