menu

လယ်ယာထွက်ကုန်များ ဈေးကွက်အခြေအနေ


🌾🌿🌽🍃🌾🌾🌿🌽🍃🌾

✔️အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများတွင် လိုအပ်ချက်များကာ ဈေးမြင့်နေခြင်း နှင့် ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိခဲ့ခြင်း၊ တရုတ် နှင့် ထိုင်းဝယ်လက်များမှ ပုံမှန် ဝယ်ယူမှု ရှိခြင်း၊ နယ်စပ်ဂိတ်များမှ တင်ပို့မှုရှိခြင်း၊ ပြည်ပငွေလဲနှုန်းများ ဈေးမြင့်နေဆဲဖြစ်ခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ ပုံမှန် ဝယ်ယူမှု ရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ယခင်အပတ် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ၃၁,၈၆၀ ကျပ် ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၂,၉၄၀ ကျပ် ဖြစ်သည်။

✔️ဆန်မျိုးစုံဈေးကွက်တွင် ဆန်ချော၊ ဆန်ကြမ်း အများစုမှာ ပြည်တွင်း၊ ပြည်ပမှ အရောင်းအဝယ်အေးခြင်း၊ နယ်စပ်ဂိတ်များမှ ကုန်စည် စီးဆင်းမှု မရှိသလောက် နည်းခြင်း၊ စားသုံးသူများမှ ကြိုတင်ဝယ်ယူထားနှင့်ပြီးဖြစ်၍ လတ်တလော ဝယ်ယူမှုနည်းခြင်း၊ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ဝါးခယ်မ၊ ကော့မှူး၊ တွံတေး၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများ မှ ကုန်အဝင် ပုံမှန်ရှိနေခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

✔️ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(သင်္ဘောတင်)၊ ပဲစင်းငုံ(သင်္ဘောတင်) နှင့် ပဲတီစိမ်းများမှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များကာ ဈေးမြင့်နေခြင်း၊ အိန္ဒိယမှ ဝယ်လိုအားများခြင်း နှင့်အတူ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်းများ ရှိခဲ့ပြီး ဖြစ်သော်လည်း၊ အိန္ဒိယပြည်တွင်း၌ မုန်တိုင်းနှင့် မုန်တိုင်းမိုးများ ဝင်ရောက်ဆဲကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးခြင်း၊ ပြည်ပငွေလဲနှုန်းများ ယခင်အပတ်ထက် အနည်းငယ် ဈေးနိမ့်လာခြင်း တို့ကြောင့် မတ်ပဲ(သင်္ဘောတင်)နှင့် ပဲစင်းငုံ (သင်္ဘောတင်)များ ယခင်အပတ်ထက် ဈေးနိမ်ခဲ့သည်။ 

✔️မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ဈေးနှုန်းမှာ ၁,၀၆၁,၀၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁,၀၂၈,၀၀၀ ကျပ် ဖြစ်သည်။ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ဈေးနှုန်းမှာ ၁,၀၀၂,၅၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၈၀,၀၀၀ ကျပ် ဖြစ်သည်။ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ငါးရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ အိန္ဒိယ နှင့် ပါကစ္စတန် ဝယ်လက်များမှ ဝယ်ယူမှု နည်းခဲ့ခြင်းကြောင့် ကုန်သေတ္တာ (၃၅)လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲစင်းငုံ(သင်္ဘောတင်)မှာ ပြည်တွင်း ပဲလက်ကျန် နည်းသော်လည်း အိန္ဒိယဝယ်လက်များမှ ဝယ်ယူမှု မရှိသေးခြင်းကြောင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှု မရှိကြောင်းသိရသည်။

✔️ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ပုံမှန် ပဲဝင်ရောက်မှုရှိပြီး အိန္ဒိယဝယ်လက်အပြင် ဥရောပသမဂ္ဂ နှင့် တရုတ်ဝယ်လက်များပါ ပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများအတိုင်း ဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခင်အပတ် နှင့် ယခုအပတ် ဈေးနှုန်းမှာ သုံးတင်း ပိဿာ ၆၀ လျှင် ၁၁၁,၀၀၀ ကျပ်ဖြစ်သည်။ 

✔️ကုလားပဲမှာ အိန္ဒိယဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ ပြည်တွင်း ပဲခွဲစက်များမှ ပုံမှန် ဝယ်ယူမှုရှိခြင်း တို့ကြောင့် ယခင်အပတ်ဈေးနှုန်း များဖြင့်သာ ဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခင်အပတ် နှင့် ယခုအပတ် ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် တစ်ပိဿာလျှင် ၁,၅၀၈ ကျပ် ဖြစ်သည်။

✔️ထောပတ်ပဲ နှင့် ပဲပုတ်ပဲများမှာလည်း လက်လီသမားများသာ ဝယ်ယူမှု ရှိခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထောပတ်ပဲမှာ ပျှမ်းမျှအားဖြင့် သုံးတင်း (ပိဿာ ၆၀)လျှင် ၇၀,၅၀၀ ကျပ် ဖြစ်သည်။ ပဲပုပ်ပဲမှာ ပျှမ်းမျှအားဖြင့် သုံးတင်း (ပိဿာ ၆၀)လျှင် ၇၈,၆၀၀ကျပ် ဖြစ်သည်။

✔️ပဲလွမ်းဖြူ နှင့် ဘိုကိတ်ပဲမှာ ပြည်ပဝယ်လက်အချို့ ဝယ်ယူမှု ရှိခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူဈေးနှုန်းမှာ ပျှမ်းမျှအားဖြင့် သုံးတင်း (ပိဿာ ၆၀)လျှင် ယခင်အပတ်ဈေးနှုန်း ၁၀၃,၅၀၀ ကျပ် ဖြစ်ပြီး ယခုအပတ် ၁၀၉,၉၅၀ကျပ် ဖြစ်သည်။ ဘိုကိတ်ပဲ ဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် သုံးတင်း (ပိဿာ ၆၀)လျှင် ယခင်အပတ်ဈေးနှုန်း ၈၂,၅၀၀ ကျပ် ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၈၄,၀၀၀ ကျပ် ဖြစ်သည်။

Credit to Market Information Service.