menu

လယ်ယာထွက်ကုန်များ ရန်ကုန်စျေးကွက်အခြေအနေ


🌿🍃🌽🍃🌿🌽🌿🍃🌽🍃🌿

ပဲမျိုးစုံ
------
 ✔️ ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ အိန္ဒိယကုန်သည်များ နှင့် ပဲခွဲစက်များမှ ပဲအဝယ်လျော့နည်းခဲ့ သော်လည်း မြန်မာပြည်တွင်း၌ လက်ကျန်နည်းကာ ဈေးကွက်သို့ ပဲဝင်ရောက်မှုနည်းခြင်း နှင့် ပြည်ပ ငွေလဲနှုန်းမြင့်နေခြင်းတို့ကြောင့် ပဲစင်းငုံ(သင်္ဘောတင်)များ ယခင်အပတ်ထက် ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်သီတင်းပတ်က ၁,၁၂၀,၀၀၀ကျပ် ရှိခဲ့ပြီး ယခု သီတင်းပတ် တွင် ၁,၁၂၇,၅၀၀ကျပ် သို့ရောက်ရှိခဲ့သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆)ရက် ရှိခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ လိုအပ်သလောက် ပဲမရရှိနိုင်ခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှု မရှိသလောက်နည်းခဲ့ကြောင်း သိရသည်။

 ✔️ မတ်ပဲ (သင်္ဘောတင်) ဈေးနှုန်းများမှာ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက် မတ်ပဲအသစ်အချို့ ဈေးကွက်သို့ အဝင်ရှိလာခြင်း၊ အိန္ဒိယနိုင်ငံတွင်း လက်လီ၊ လက်ကား ပဲရောင်းချသူများ၏ ပဲသိုလှောင်ခွင့်အား ကန့်သတ်မှုများ ရှိခဲ့ခြင်းကြောင့် အိန္ဒိယကုန်သည်များနှင့် ပဲခွဲစက်များမှ ပဲအဝယ်လျော့နည်းခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်ခဲ့ကာ ယခင်သီတင်းပတ်မတ်ပဲ(သင်္ဘောတင်) တစ်တန် ၁,၁၃၅,၀၀၀ ကျပ်မှ ယခုသီတင်းပတ်တွင် ၁,၁၃၀,၀၀၀ ကျပ်သို့ ကျဆင်းခဲ့သည်။ ယခု ရက် သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆)ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၁၀)လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

 ✔️ ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းသော်လည်း နယ်ဈေးကွက်များတွင် အရည်အသွေးအနိမ့်စများခြင်း၊ ကိုဗစ်(၁၉) ဂယက်များကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုနည်းနေချိန်တွင် ပြည်တွင်း၊ ပြည်ပမှ အရောင်းအဝယ် အေးခြင်း တို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲတီစိမ်း ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် သုံးတင်း (ပိဿာ ၆၀) လျှင် ၁၂၁,၀၅၀ ကျပ် ဖြစ်သည်။

အစေ့ထုတ်ပြောင်း
----------------
 ✔️ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံများတွင် အစေ့ထုတ်ပြောင်း လိုအပ်ချက်များကာ ဝယ်လိုအားမြင့်နေခြင်းကြောင့် နယ်စပ်ပေါက်ဈေးများ မြင့်လာခြင်း၊ ထိုင်း နှင့် တရုတ်နိုင်ငံများ၏ ငွေဈေးများ ဈေးမြင့်နေခြင်း၊ ပြည်တွင်း ပြောင်းလက်ကျန် နည်းလာခြင်း၊ တရုတ် နှင့် ထိုင်း ဝယ်လက်များမှ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ မြဝတီနယ်စပ်ဂိတ်မှ ပုံမှန်တင်ပို့မှုရှိခြင်းတို့အပြင် သယ်ယူပို့ဆောင်စရိတ်များ မြင့်လာခြင်း၊ ပြည်ပငွေလဲနှုန်းများ ဈေးမြင့်နေဆဲဖြစ်ခြင်း နှင့် ပြည်တွင်း အစာစပ်လုပ်ငန်းများမှ ပုံမှန်ဝယ်ယူမှု ရှိခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်း၏ ပြည်တွင်း၊ ပြည်ပဈေးနှုန်း များမှာ ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၆,၇၂၀ ကျပ် မှ ယခုသီတင်းပတ်တွင် ၃၆,၉၉၀ကျပ်ဖြစ်လာသည်။ 

Sources: Market Information Service