menu

မြေပဲဆံ နှင့် ကုလားပဲအုပ်စုစျေးကွက် ဆက်လက်မြင့်တက်နေ


🌿🥜🫘🫘🥜🌿🥜🫘🫘🥜🌿

✅ပြည်တွင်းသုံးစွဲမှု မြင့်မားလာခြင်းနှင့် ပို့ကုန်သမားများ ဝယ်ယူနေခြင်းတို့ကြောင့် ကုလားပဲအုပ်စု နှင့်မြေပဲဆံစျေးတို့မှာ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

✅ပြည်တွင်းသုံးကုလားပဲအုပ်စုတွင် V2 နှင့် V7 မှာ စျေးကွက်အတွင်းအမြင့်စျေးဖြစ်လာပြီး ယခင်သီတင်းပတ်ထက် ဆက်လက်မြင့်တက်လာသလို ထိုင်ဝမ်ကုလားပဲနှင့် 929 ကုလားပဲတို့မှာလည်း ပြည်တွင်းပဲခွဲစက်များအဝယ်လိုက်သဖြင့် လိုက်ပါစျေးမြင့်နေကြောင်း သိရသည်။

✅တရုတ်အဝယ်နှင့် ပြည်တွင်းဆီစက်ပိုင်များ အဝယ်ဆုံနေသည့် မြေပဲဆံမှာ တစ်ပိဿာလျှင် ကျပ် ၄,၂၀၀ ခန့်သို့ ဆက်လက်မြင့်တက်လာကြောင်း နှင့် ပဲမာလိုင်းများမှာမူ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာလမ်းကြောင်းများကောင်းလာသော်လည်း စျေးဆက်လက်တည်ငြိမ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅“ကုလားပဲအုပ်စုကတော့ ရန်ကုန်ဝယ်လက်တွေအဝယ်ရှိနေလို့ ယခင်သီတင်းပတ်ထက် ဆက်လက်မြင့်တက်နေပါတယ်။ V2 နဲ့ V7 ကတော့ စျေးအမြင့်ဆုံး ဖြစ်လာတော့ ထိုင်ဝမ်ကုလားပဲ၊ 929 ကုလားပဲတွေက လိုက်ပါစျေးမြင့်နေတာပါ။ မြေပဲဆံကလည်း ပြည်တွင်းဆီစက်ပိုင်တွေနဲ့ တရုတ်ဝယ်လက်ဆုံနေတော့ တစ်ပိဿာကျပ် ၄,၂၀၀ ပေါက်စျေးရှိနေပါတယ်။ ပဲစင်းငုံကတော့ ပေါက်စျေးနဲ့ အဝယ်သွက်နေပါတယ်။ လက်ရှိမှာ ပို့ကုန်ပဲတွေကို လှောင်လက်သမားတွေ တဖြေးတဖြေးဝယ်နေပါတယ်။ ပြည်တွင်းသုံးပဲတွေကတော့ စျေးမကျတော့ဘဲ လက်ရှိပေါက်စျေးက အောက်ခံစျေးဖြစ်သွားပြီး ဒီထက်ကျဆင်းစရာမရှိတော့ဘူး။ တရုတ်လိုင်းကတော့ တင်ပို့မှုလမ်းကြောင်းကောင်းလာပါတယ်” ဟု ၎င်းက ပြောသည်။

🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘

ပို့ကုန်ပဲများအားလုံး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂,၀၀၀-၃,၀၀၀ ခန့် စျေးမြင့်တက်လာပြီး ပဲတီစိမ်း ဈေးကွက်မှာ ဆက်လက် အရောင်းအဝယ်သွက်နေသည်။ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ်သာ ဈေးပြန်တက်နေပြီး ပဲတီစိမ်းမှာ ပို့ကုန်သမားများ အဝယ်တဖြေးဖြေးကောင်းလာသဖြင့် အညာ ပဲတီစိမ်းများပါ ဆက်လက်ဈေးကောင်းလာခြင်းဖြစ်သည်။ မေလ (၂၆) ရက်တွင် မတ်ပဲ တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ပဲစင်းငုံ တစ်အိတ်ကျပ် ၁၂၈,၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ကျပ် ၁၅၃,၀၀၀၊ ပဲတီစိမ်းအညာတစ်အိတ် ကျပ် ၁၄၅,၀၀၀ပေါက်စျးဖြစ်လာသည်။

🥜မြေပဲ🥜

တရုတ်နိုင်ငံသို့ ပို့ကုန်လမ်းကြောင်းများ ပြန်လည် ကောင်းမွန်လာသော်လည်း မြေပဲလုံးဆံ တင်ပို့ခွင့် ပိတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း ဆီစက်ပိုင်များနှင့် တရုတ်ဝယ်လက်များရှိနေသဖြင့် မြေပဲဆံစျေးမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ မေလ (၂၆) ရက်တွင် S1 မြေပဲဆံတစ်ပိဿာ ကျပ် ၄,၂၀၀ - ၄,၂၅၀ ပေါက်ဈေးဖြစ်လာသည်။

✅ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး ငွေကျပ် ၁၄၆,၀၀၀ ဖြင့် တစ်အိတ် ၂,၀၀၀ကျပ် ဈေးမြင့်တက်လာသည်။ ၊ပဲယင်းတစ်အိတ် ကျပ် ၁၄၂,၀၀၀ ဖြင့် တစ်အိတ် ကျပ် ၇,၀၀၀ ခန့် ဈေးပြန်တက်လာပြီး ပဲကြီးတစ်အိတ်ငွေကျပ် ၁၉၈,၀၀၀ ဖြင့် တစ်အိတ်ကျပ် ၃,၀၀၀ ဈေးမြင့်တက်လာသည်။ ပဲထောပတ်တစ်အိတ်လျှင် ကျပ် ၁၄၀,၀၀၀ ပေါက်သဖြင့် တစ်အိတ်ကျပ် ၁၀,၀၀၀ စျေးပြန်တက်လာပြီး စွန်တာပြာ တစ်အိတ်ကျပ် ၁၂၀,၀၀၀ ရှိပြီး တစ်အိတ်ကျပ် ၂,၀၀၀ စျေးတက်လာသည်။ မြေထောက်ပဲမှာမူ တစ်အိတ် ကျပ် ၁၇၀,၀၀၀ ဖြင့် ကျပ် ၁၀,၀၀၀ စျေးတက်လာပြီး ကျွန်းစားတော်ပဲတစ်အိတ်လျှင် ကျပ် ၂၆၅,၀၀၀ ဖြင့် ဈေငြိမ်နေကြောင်း သိရသည်။

Sources : ရွှေမန်း (The Farmer Media)