menu

“မြေပဲ ၊ နှမ်း နှင့် အသစ်ဝင်ပဲမာလိုင်းများ စျေးကောင်းရနေသည့် ပဲမျိုးစုံဈေးကွက်”


🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿

✅ ပြည်တွင်းဒေါ်လာစျေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း နှင့် အသစ်ဝင်ပဲမာလိုင်းများ စျေးနှုန်းဆက်လက်ကောင်းမွန်လျှက်ရှိကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။

✅ ဒေါ်လာငွေပေါက်စျေးမှာ အမြင့်ဆုံး တစ်ဒေါ်လာလျှင် ကျပ် ၁,၇၈၀ ဖြင့် (၁၀) ရက်အတွင်း တည်ငြိမ်နေကြောင်း စျေးကွက်ပေါက်စျေးအရ ပို့ကုန်ရငွေ ဒေါ်လာပေါက်စျေးမှာလည်း ကွာခြားမှုမရှိခြင်းကြောင့် ပဲ၊နှမ်းစျေးကွက်၏ ပို့ကုန်ပဲစျေးများ အနည်းငယ်ကျဆင်းသွားသော်လည်း ပစ္စည်းအဝင် ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးတက်နေရာမှ အနည်းငယ်ကျဆင်းသွားပြီး ဇန်နဝါရီလကုန်ပိုင်းတွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်ကျပ် ၁၂၆,၀၀၀ ၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၂၉,၀၀၀ ဖြစ်သွားသည်။

✅ မြေပဲဆံစျေးကွက်မှာမူ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် (၅၀-၁၀၀) ကြားဆက်လက်စျေးမြင့် လာသည်။ နှမ်းနက်များမှာလည်း ပစ္စည်းဝင်ရောက်မှုနည်းလာကာ အလတ်စများပင် တစ်အိတ်ကျပ် ၂၀၀,၀၀၀ အထက်စျေးကောင်းရလာသည်။ ယခုသီတင်းပတ်တွင် ပို့ကုန်ပဲ နှစ်မျိုးမှလွဲ၍ အခြား မြေပဲ၊ နှမ်းနှင့် အသစ်ဝင်ပဲမာလိုင်းများ ဆက်လက်စျေးမြင့်တက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅ “ပို့ကုန်ပဲတွေထဲ မတ်ပဲ၊ ပဲစင်းငုံ စျေးလေးတွေက အတက်စျေးကနေ အနည်းငယ်စျေးပြန်ကျဆင်း သွားပါတယ်။ မတ်ပဲဈေးက ကျပ် ၁၂၅,၀၀၀ -၁၂၆,၀၀၀ ပေါက်စျေးဖြစ်သွားတယ်။ သုံးတင်းဝင် တစ်အိတ်ကို အရင်သီတင်း ပတ်ထက် ကျပ် ၇,၀၀၀ - ၈,၀၀၀ လောက် စျေးကျသွားတယ်။ ပဲစင်းငုံက ယခုအပတ်မှာ တစ်အိတ် ကျပ် ၁၃၀,၀၀၀ ကနေ ၁၂၉,၀၀၀ လောက်စျေးဖြစ်သွားတယ်။

✅ ပဲတီစိမ်းရွှေဝါတွေကတော့ စျေးကွက်ထဲ မလာသေးပါဘူး။ လက်ရှိမှာ လမ်းပဲတွေကတော့ တစ်အိတ် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ပေါက်စျေးရှိနေပါတယ်။ မြေပဲဆံစျေးတွေကတော့ တစ်ပိဿာ ကျပ် (၅၀-၁၀၀) လောက် ဆက်လက်မြင့်တက်နေပါတယ်။ မြေပဲလုံးဆံတစ်ပိဿာ ကျပ် ၃,၅၀၀ ထိပေါက်ပြီး စျေးကောင်းနေပါတယ်။ ဒီအပတ်မှာ ထူးခြားတာက အသစ်စဝင်ရောက်စဉ်က မြေထောက်ပဲ တစ်အိတ် ကျပ် ၁၅၇,၀၀၀-၁၅၈,၀၀၀ ရှိရာကနေ ဒီအပတ်မှာ အဝင်များလို့ တစ်အိတ်ကျပ် ၁၄၀,၀၀၀ လောက်သာပေါက်စျေးရှိတော့ တစ်အိတ်ကျပ် ၁၇,၀၀၀ လောက်စျေးကျဆင်းသွားတယ်။အရင်က စိုက်ခင်းထဲ ခြောက်သွေ့အောင်ထားပြီးမှပို့တာ။ ဒီရက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တော့ ရိတ်သိမ်းပြီးသားတွေ အကုန်ပို့လိုက်တော့ အခုလိုစျေးကျဆင်းသွားတာပါ။ 

✅ နှမ်းနက်လိုင်းကတော့ ဆက်လက်စျေးကောင်းနေပါတယ်။ နှမ်းအဝင်ကလည်း ပစ္စည်းနည်းသွားတော့ စျေးဆက်တက်နေတယ်။ အလတ်စ နမ်းနှက်တွေတောင် တစ်အိတ်ကျပ် ၂၀၀,၀၀၀ အထက်ရှိလာ ပါတယ်။ ပဲမာလိုင်းက ပဲမျိုးစုံလည်း အသစ်တွေဝင်လာပေမယ့် စျေးကျဆင်းမှုမရှိ စျေးကောင်းရတယ်။ ပဲသစ်ရာသီ ပဲစုံပေါ်လာချိန်ဆိုတော့ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြန်ကောင်းလာပါတယ်” ဟု ၎င်းကပြောသည်။

ပဲစင်းငုံ နှင့် မတ်ပဲ
----------------

ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ပြည်တွင်း ဒေါ်လာစျေးတည်ငြိမ်နေတာကြောင့် ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ ပေါက်စျေးမှာစျေးအနည်းငယ် ကျဆင်းသွားခဲ့ရာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄,၀၀၀ ခန့်လျော့ကျခဲ့သည်။ ဇန်နဝါရီ (၂၇) ရက်က မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၆,၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ ဝင်တစ်အိတ် ကျပ် ၁၂၉,၀၀၀ပေါက်ဈေးရှိပြီး စျေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု အားလည်းကောင်းကာ အရောင်းအဝယ်လည်းကောင်းနေကြောင်းသိရသည်။

နှမ်းနက် ၊ မြေပဲ နှင့် မြေထောက်ပဲ
-----------------------------

နှမ်းနက် ထိပ်စများမှာ အပြောင်းအလဲမရှိ အဝယ်ကောင်းနေပြီး ဇန်နဝါရီလ (၂၇)ရက် တွင် နှမ်းနက် ထိပ်စသုံးတင်းဝင် တစ်အိတ် ကျပ် ၂၂၀,၀၀၀ စျေးရှိနေသည်။ အရည်အသွေးအလိုက် အဝယ်ရှိနေရာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၇၀,၀၀၀ - ၁၉၀,၀၀၀ - ၂၁၀,၀၀၀ ပေါက်စျေးရှိပြီး နှမ်းနက် အလတ်စများ အရောင်းအဝယ် သွက်နေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၅၈,၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၅,၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက်လာသည်။

မြေပဲဆံများမှာ မြေပဲဆီစျေးမတက်သော်လည်း ဆီစက်ပိုင်များက ဝယ်လိုအားကောင်းနေသဖြင့် ဇန်နဝါရီလဆန်းထက် တစ်ပိဿာကျပ် (၂၅၀-၃၀၀) ခန့် စျေးမြင့်တက်လာသည်။ မြေပဲလုံးဆံများမှာ တစ်ပိဿာ ကျပ် ၃,၃၀၀ ခန့် ပေါက်စျေးဖြစ်လာသည်။ မြေပဲဆံစျေးများမှာမူ တစ်ပိဿာ ကျပ် (၅၀-၁၀၀) ခန့် ဆက်လက်မြင့်တက်ပြီး တစ်ပိဿာ ကျပ် ၃,၅၀၀ ထိပေါက်စျေးကောင်းနေသည်။ 

မြေထောက်ပဲများမှာ အသစ်စတင်ဝင်ရောက်စဉ် တစ်အိတ် ကျပ် ၁၅၇,၀၀၀ - ၁၅၈,၀၀၀ ရှိရာက ယခုသီတင်းပတ်တွင် အဝင်များကာ တစ်အိတ်ကျပ် ၁၄၀,၀၀၀ သို့ ကျဆင်းသွားသည်။

✅ပဲစျေးအတွင်းဝင်ရောက်လာသည့် ပို့ကုန်ပဲများ အနည်းငယ်စျေးကျဆင်းသွားသော်လည်း အသစ်ဝင်ရောက်လာသည့် စွန်တာပြာမှာ တစ်အိတ် ကျပ် ၁၃၅,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ် ကျပ် ၁၄၃,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၅၅,၀၀၀၊ ပဲထောပတ် (ရှယ်သစ်) တစ်အိတ် ကျပ် ၁၇၀,၀၀၀ ၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၁၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲ(ဗွီးတူး) တစ်အိတ် ၅၇.၂၅ ပိဿာ ကျပ် ၁၃၅,၀၀၀ ဖြင့် အမြင့်စျေးရှိနေသည်။

✅ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)