menu

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ မေလလယ်တွင် စပေးမည်


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾

🔘ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေအနေများ ဖြစ်ပေါ်နေသော်လည်း ၂၀၂၁ ခုနှစ်မိုးရာသီအတွက် စိုက်ပျိုးစရိတ်များကို မေ ၁၆ ရက်ခန့်မှစ၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (နေပြည်တော်တိုင်းရုံး) က သိရသည်။ တောင်သူများအကြားတွင် မိုးစပါးချေးငွေနှင့် ပတ်သက်၍ ပြန်ဆပ်ရမည်၊ ပြန်မဆပ်ရ၊ ပြန်ဆပ်ရန်မလိုဟူ၍ စကားများကြောင့် တောင်သူအချို့မှာဝေခွဲရခက်လျက်ရှိနေသော်လည်း နှစ်စဉ်မေလအတွင်း မိုးစပါးစိုက်ပျိုးစရိတ်အတွက် ထုတ်ချေးငွေကိုမကြာခင်ရက်ပိုင်း အတွင်း ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

🔘“လုပ်ရိုးလုပ်စဉ် ပုံမှန်ပါပဲ။ ကျွန်တော်တို့ ၂၀၂၁ မိုးအတွက်ချေးမယ်ဆိုရင် နေပြည်တော်ရဲ့ အလေ့အထက ချေးငွေအသစ်ချေးမယ်ဆိုရင် ကြွေးဟောင်းဆပ်ပြီးမှ ချေးနေကြတာပါ။ ချေးငွေအသစ်က မေ(၁၆) ရက် ဆို စချေးမှာပါ။ ကြွေးဟောင်းကျေတဲ့တောင်သူတွေကို ဆက်လက်ချေးပေးမှာပါ။ အခုဆို တောင်သူတွေ လာဆပ်နေကြပါတယ်။ အခုအချိန်မှာ ဒဏ်ကြေးလည်း ကင်းလွတ်ခွင့်ကို ဇူလိုင်လကုန်အထိ ပေးထား ပါတယ်။ တောင်သူတွေမှာလည်း အခုလက်ရှိ ကိုဗစ်ဖြစ်တဲ့အခြေအနေကြောင့် စိုက်ပျိုးရေးလုပ်ပေမဲ့ ဈေးကွက်အနေအထားအရ စီးပွားရေးထိခိုက်နေတော့ တစ်ဖက်က ထုတ်ပြန်တဲ့စာတွေကြောင့် တချို့တောင်သူတွေ နည်းနည်းတွေဝေတာပေါ့” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

🔘တောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးထားသည့် အချိန်စေ့ချေးငွေ အရင်း၊ အတိုးများကို ချေးငွေ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ကာလအလိုက် တာဝန်ကျေပွန်စွာ ပေးဆပ်ကြရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှစ၍ တစ်နှစ်အတိုးနှုန်းကို ငါးရာခိုင်နှုန်းသို့ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြန်ဆပ်ရမည့်သတ်မှတ်ရက်ကျော်လွန်ပါက ဒဏ်ကြေးအနေဖြင့် တစ်လ အတွက် ငွေကျပ်တစ်ရာလျှင် ပြား ၅၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံရန်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ လက်ရှိအခြေအနေများကြောင့် ဧပြီ ၁၆ ရက်မှ ဇူလိုင်လကုန်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

🔘“စိုက်ဘဏ်က အခုပြန်ဆပ်ဖို့ ကြေညာနေပါတယ်။ ပုံမှန်ဆို မေလနဲ့ ဇွန်လတွေမှာ ချေးပါတယ်။ ကျွန်တော်တို့ဘက်က အုပ်စုများတော့ အလှည့်ကျပေးတယ်။ တစ်နေ့ကို ဆယ်အုပ်စုလောက်ရှိမယ်” ဟု တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာမှ တောင်သူဦးဝင်းဘိုက ပြောပြသည်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ဘီလျံ၁,၄၀၀ ကျော်ကို ထုတ်ချေးထားကြောင်း၊ နေပြည်တော်တွင် ကျပ် ၂၀ ဒသမ ၆ ဘီလျံ ကျော် ထုတ်ချေးထားရာ ယခုဧပြီလကုန်အထိ ကျပ်သန်း ၉၆၀ ကျော်ကို တောင်သူများက လာရောက်ဆပ်ပြီးကြောင်း သိရသည်။

🔘ချေးငွေကြွေးကျန် ပြန်လည်ဆပ်ပြီးမှသာ အသစ်ထုတ်မံချေးမည်ဟု ဆိုသော်လည်း လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍတွင် အရှုံးပေါ်နေသဖြင့် ပြန်ဆပ်နိုင်မည်မဟုတ်ကြောင်း လယ်သမားအချို့က ပြောသည်။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ရက်စေ့စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်တောင်းခံလျက်ရှိကာ တောင်သူများအနေဖြင့် နွေစပါးတွင် အရှုံပေါ်ထားသည့်အတွက်ကြောင့် ချေးငွေပြန်ဆပ်ရန်အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံလယ်သမား ဦးကျော်ဝင်းက ပြောသည်။ “စပါးဆိုတာလည်း လုံလောက်တဲ့ဈေး မရခဲ့ဘူး။ နွေတုန်းက ပဲစိုက်တော့လည်း သီးခါနီးမှာပိုးကျလို့ တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ အဲဒီလို အချိန်မှာချေးငွေပြန်ဆပ်ရမယ်ဆိုရင် တောင်သူတွေအနေနဲ့ အတော်လေးအကျပ်ရိုက်နိုင်တယ်”ဟု ၎င်းကပြောသည်။ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီပြန်ဆပ်ရန် သတင်းများထွက်ပေါ်နေသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လယ်သမားများအနေဖြင့်အချိန်မီပြန်ဆပ်နိုင်မည် မဟုတ်ကြောင်း လယ်သမားများကပြောသည်။ 

မြင့်ဇော်ထွန်း၊ ဂျူးမေဇင် (မြန်မာတောင်သူကြီးများဂျာနယ်)

အတွဲ -၄၃၇၊ ၂၀၂၁ ခုနှစ် မေလ (၃-၉) ရက်။