menu

မိုးနှမ်းများထွက်ချိန် ဝယ်လက်မရှိသေး


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

↗️ ယခုနှစ် မိုးနှမ်းအထွက်နှုန်းကောင်းသော်လည်း ဝယ်ယူမှုနှင့် ဈေးနှုန်းမကောင်း၍ အခက်ကြုံနေရကြောင်း နှမ်းစိုက်တောင်သူများကပြောသည်။

↗️ လက်ရှိတွင် ကိုဗစ်၁၉ ကပ်ရောဂါကြောင့် အသွားအလာများကန့်သတ်ထားစဉ်အတွင်း နှမ်းမျိုးစုံကို ကုန်သည်၊ စက်ပိုင်များကဝယ်ယူမှု ရပ်နားထားကြခြင်းကြောင့် အလုပ်သမားစရိတ်နှင့် မိုးစပါးစိုက် ပျိုးရေးစရိတ်ပင် မပေးနိုင်ဖြစ်နေရကြောင်း နေပြည်တော်၊တပ်ကုန်းမြို့နယ်ရှိတောင်သူကွန်ရက်ဝင် ဦးလွင်ဦးက ပြောသည်။ "နှမ်းအထွက်နှုန်းက အထူးကောင်းမွန်ပေမယ့် ရောင်းချင်တိုင်း ရောင်းလို့ မရဘူးဖြစ်နေတယ်။ မြို့ပေါ်ကပွဲရုံတွေပိတ်၊ ဒိုင်တွေပိတ်ထားတာ တစ်လလောက်ရှိနေပြီ။ တချို့ ဖွင့်တဲ့ပွဲရုံတွေကျတော့လည်း ဈေးနှုန်းကို နှိမ်ဝယ်ချင်ကြတယ်။ တောင်သူကြီးတွေဆိုရင် နှမ်း အတင်း ၂၀၀၊ ၃၀၀ မရောင်းရပဲ ထိန်းသိမ်းထားရတာ။ ရက်ကြာလာရင်နှမ်းက အလေးချိန်ပေါ့လာတော့ ရောင်းရမယ့်ဈေးနဲ့မကာမိဘူး" ဟု ပြောသည်။

↗️ မိုးနှမ်း၏ သဘောသဘာဝမှာ မိုးကာလအတွင်း ရိတ်သိမ်းချွေလှေ့ရခြင်းဖြစ်၍ နှမ်း၏ အရောင်အဆင်း မလှခြင်းနှင့် ရက်ကြာရှည်စွာသိုလှောင်ရပါက အလေးချိန်ကျဆင်းလာခြင်း၊ မှိုတက်ခြင်းတို့ ကြုံတွေ့ ရတတ်ခြင်းကြောင့် တည်ငြိမ်သည့်ဈေးနှုန်းတစ်ရပ်ဖြင့် ရောင်းဝယ်ပေးရန် လိုအပ်ကြောင်း တောင်သူများထံမှသိရသည်။ ဈေးကွက်အတွင်း နှမ်းစမှုံနက် (၄၅ပိသာ)ကျပ် ၁၁၀,၀၀၀ မှ ၁၅၀,၀၀၀ ကြား ၊ နှမ်းပြာသန့် (၄၅ပိသာ) ကျပ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ ကြား ၊ နှမ်းဖြူ (၄၅ပိသာ) ၁၀၀,၀၀၀ မှ ၁၁၀,၀၀၀ ကြား ၊ နှမ်းနီ (၄၅ပိသာ) ကျပ် ၁၀၀,၀၀၀ မှ ၁၁၀,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

↗️ နှမ်းကို တရုတ်၊ ဂျပန်သို့ အဓိကထားတင်ပို့ကြောင်း၊ လက်ရှိမြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းများ တရုတ်ဘက်က ပိတ်ထား၍တင်ပို့ရန်အခက်ကြုံနေရကြောင်းသိရသည်။ တောင်သူများအနေဖြင့် ဝယ်ယူမှုရပ်နားထားစဉ်အတွင်းနှင့် ဝယ်ယူမှုလျော့ချထားစဉ်အတွင်း နှမ်းအရည်အသွေး ကျဆင်းသွားခြင်းမရှိရန် ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ကုန်သည်များကသတိပေးထားသည်။

↗️ နှမ်းဈေးကွက်သတင်းများအား တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : AMIA News