menu

မိုးစိုက်ပျိုးစရိတ်ချေးငွေ နောက်ဆုံးထား ပြန်ဆပ်ရမည့်ကာလကို သုံးလခွဲနောက်ဆုတ်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

➡တောင်သူများ အဆင်ပြေစေရန် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ဆပ်ရမည့်ကာလကို အချိန်သုံးလခွဲနောက်ဆုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်ခွဲမန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောသည်။

➡"တောင်သူဦးကြီးများ ငွေကြေးအခက်အခဲဖြစ်နေတဲ့အတွက် ချေးငွေပေး ဆပ်ရန်ကာလကို ဇူလိုင် ၃၁ ရက်အထိ ပြင်ဆင်ပေးတာပါ။ အဲဒီနေ့အထိ ဒဏ်တိုးမကောက်သေးပါဘူး။ ဩဂုတ် ၁ ရက်ကစတင်ပြီးတော့မှ ဒဏ်တိုတွက်ချက်ကောက်ခံသွားမှာဖြစ်ပါတယ်"ဟု ဒေါ်ယဉ်နွဲ့က ပြောသည်။

➡မိုးစပါး စိုက်စရိတ်ချေးငွေကို ဧပြီ ၁၅ ရက်အထိ နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်သော်လည်း ယခုအခါ တောင်သူများ ငွေကြေးအခက်အခဲဖြစ်နေမှုများ အဆင်ပြေစေရန် ချေးငွေပေးဆပ်ရန်ကာလကို ဇူလိုင် ၃၁ ရက်အထိ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ရက်ကျော်လွန် ပေးဆပ်လျှင် ဒဏ်တိုးများ ထည့်သွင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

➡တောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးပေးထားသော ချေးငွေများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာလအလိုက် တာဝန်ကျေစွာ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ရက်လွန်၍ ပေးဆပ်လျှင် သတ်မှတ်ထားသော ဒဏ်တိုးများကို ပေးဆပ်ရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ယခုကဲ့သို့ လျှော့ချပေးထားခြင်းဖြစ်ကြောင်း သိရသည်။

➡"အခုလို နောက်ဆုတ်ပေးတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အသက်ရှူချောင်တာပါ။ မဟုတ်ရင် ဒီနှစ်က ဆည်ရေရရှိမှုနည်းတဲ့အတွက် စိုက်ပျိုးရာမှာ အခက်အခဲဖြစ်နေသလို သီးနှံတွေ ရောင်းချရာမှာလမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် အဆင်မပြေကြပါဘူး"ဟု ကျောက်ဆည်မြို့နယ်တောင်သူ ဦးသိန်းက ပြောသည်။

➡မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် မိုးစပါးချေးငွေများကို မေလကုန်တွင် ထုတ်ချေးပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးထားသည့် အချိန်စေ့ချေးငွေ အရင်း၊ အတိုးများကို ချေးငွေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကာလအလိုက် တာဝန်ကျေပွန်စွာ ပေးဆပ်ကြရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်ကစ၍ တစ်နှစ်အတိုးနှုန်း ကို ငါးရာခိုင်နှုန်းသို့ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြန်ဆပ်ရမည့်သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးအနေဖြင့် တစ်လအတွက် ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ လက်ရှိအခြေအနေများကြောင့် ဧပြီ ၁၆ ရက်မှ ဇူလိုင်လကုန်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

➡တောင်သူများကိုမူ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာတွင် ယမန်နှစ်ချေးငွေ ပြေကျေပြီးသူများကိုသာ ချေးငွေအသစ်ထုတ်ချေးပေးလျက်ရှိပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းဆောင်ရွက်နေသူများ၊ အသေးစား၊ အလတ်စား လုပ်ငန်းဆောင်ရွက်နေသူများနှင့် ဘဏ်၏ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ချေးငွေရယူထားသူများသည် မူလစည်းကမ်းချက်အတိုင်း သတ်မှတ်အချိန်ကာလပြည့်သူများကိုမူ ကိုဗစ်-၁၉ အထူးချေးငွေ၊ JICA (Two Step Loan) ချေးငွေ၊ MEB (Two Step Loan) ချေးငွေများကိုလည်း သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်ကြမှသာ ချေးငွေအသစ်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဟု သိရသည်။

Credit : မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)