menu

“မိုးစပါးဆန်(ဆန်ဟောင်း) လက်ကျန်နည်းလာသဖြင့် ဈေးတက်နိုင်ဖွယ်ရှိနေ”


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

⏺ယခုလတွင် ပြည်ပတင်ပို့သည့် ဆန်/ဆန်ကွဲဈေးနှုန်းမှာ အကျဘက်တွင်ရှိနေပြီး ဈေးကွက်အေး နေချိန်တွင် မိုးစပါးလက်ကျန်နည်းပါးနေသဖြင့် လာမည့်အောက်တိုဘာတွင် ဈေးတက်နိုင်ဖွယ်ရှိကြောင်း ဆန်ကုန်သည်များထံက သိရသည်။

⏺“၂၀၂၁ ခုနှစ် မိုးစပါးသုခဆန်က ပြည်တွင်းမှာ စားသုံးမှုအများဆုံးဖြစ်ပြီး အရောင်းအ၀ယ်ဖြစ်နေတယ်။ Export (ပြည်ပတင်ပို့တဲ့) ဆန်ဈေးအကျဘက်ရှိပေမယ့် ပြည်တွင်းစားသုံးတဲ့ ဆန်ဈေးမကျနိုင်ဘူး။ လက်ရှိမှာ မိုးစပါးလက်ကျန်က ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် အများကြီးလျော့နေလို့ပါ။ ညောင်လေးပင်မှာ မိုးစပါးသုခက တင်းတစ်ရာကို လက်လီဈေးကျပ်တစ်သောင်း ပြန်တက်တယ်” ဟု ဆန်ကုန်သည် ဦးကြိုင်က ပြောသည်။

⏺ပြီးခဲ့သည့်လများက မိုးစပါး လုံးတီးဆန်များအရောင်းအ၀ယ်သွက်ခဲ့ရာက လက်ကျန်ပစ္စည်းနည်း နေသဖြင့် စားသုံးသူဝယ်လိုအားကြောင့် ဈေးမြင့်တက်လာဖွယ်ရှိကြောင်းနှင့် မကြာမီ ၂၀၂၂ ခုနှစ် မိုးစပါးဆန်အသစ်များ ထွက်ရှိတော့မည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်က မိုးစပါးဆန်(ဆန်ဟောင်း)ကိုသာ စားသုံးမှုများပြားကြောင်း သိရသည်။

⏺“ပြောင်းဈေးတွေမြင့်လာတော့ တိရစ္ဆာန်အစာစပ်ကုမ္ပဏီတွေက ဈေးသက်သာတဲ့ ဆန်လုံးတီးတွေကို အများအပြားဝယ်သုံးကြလို့ အဝယ်လိုက်လာတော့ မိုးစပါးလှောင်လက်တွေက စောစောစီးစီး ကြိတ်ခွဲရောင်းကြရာက ၂၀၂၁ မိုးစပါးလက်ကျန် အတော်နည်းသွားပြီ” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

⏺ပြည်တွင်း ဆန်ကြမ်းဈေးကွက်၌ ၁၀၈ ပေါင်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း(ဟောင်း) ၆၅,၀၀၀ ကျပ် ဝန်းကျင်၊ ပုသိမ်ပေါ်ဆန်း ၅၀,၀၀၀ ကျပ်ဝန်းကျင်၊ ငစိန်ဆန် ၃၂,၀၀၀ ကျပ်ဝန်းကျင်၊ မြီးတုန်းဆန် ၄၀,၀၀၀ ကျပ်ဝန်းကျင်၊ ဧည့်မထဆန် ၃၂,၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုမနော(ဟောင်း) ၄၂,၀၀၀ ကျပ်ဝန်းကျင်၊ ဧရာမင်း(ဟောင်း) ၆၁,၀၀၀ ကျပ်ဝန်းကျင်၊ အရှေ့တောမဂျမ်း(ဟောင်း) ၆၆,၀၀၀ ကျပ် ဝန်းကျင် အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။

⏺ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်လာခြင်း၊ တရုတ်ပြည်တွင် ပိုးကျသဖြင့် အထွက်နှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းခြင်း၊ ဖိလစ်ပိုင်တွင် ပြည်ပမှ ဆန်ဝယ်ယူမှုမြင့်လာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် မြင့်လာခြင်းတို့သည် ကမ္ဘာ့ဆန်ဈေးကွက် အတက်ဘက်သို့ ရောက်လာကာ ပြီးခဲ့သည့်တနင်္လာနေ့က ဆန်မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၉ . ၈ ဒေါ်လာပေါက် ဈေးရှိကြောင်းလည်း သိရသည်။

⏺သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း