menu

“မြန်မာ့ဖရဲသီး ပြည်တွင်းစျေးကွက်သာ အားထားနေရ”


🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃

⏭ကိုဗစ်ရောဂါများ ပြည်လည်အဖြစ်များလာသည့်အတွက် တရုတ်နိုင်ငံမှနယ်စပ်ဂိတ်များအား ပိတ်ထား ခြင်းကြောင့် မြန်မာ့ဖရဲသီး ပြည်တွင်းစျေးကွက်သာ အားထားနေရကြောင်း ဖရဲကုန်သည်များထံကနေ သိရပါသည်။ ပြည်တွင်းဖရဲသီးများအား တရုတ်နိုင်ငံတစ်ခုတည်းကိုသာမှီခိုအားထားတင်ပို့နေရခြင်း ဖြစ်ပြီး လက်ရှိဖရဲ ပေါ်ချိန်တွင်တင်ပို့နိုင်ရန် တရုတ် မူဆယ်ဂိတ်များပြန်လည်မဖွင့်သေးတဲ့အတွက် တောင်သူများလည်း ခက်ခဲနေကြောင်းသိရသည်။ လက်ရှိတွင် ဖရဲသီးများကို လျော့ချစိုက်ပျိုးခြင်းများ ရှိသလို ဖရဲအစားအခြားသီးနှံများအစားထိုးစိုက်ပျိုးနေသောတောင်သူများလည်း ရှိကြောင်းသိရသည်။

⏭“မူဆယ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးတဲ့အတွက် ကျနော်တို့ဖရဲစိုက်တောင်သူများ ပြည်တွင်းစျေးကွက်တစ်ခုတည်း အားထားနေရပါတယ်။ ဒီနှစ် အများကြီးစိုက်တဲ့တောင်သူကတော့ ရှုံးမှာသေချာတယ် ။ မဖြစ်မနေစိုက်ကြတဲ့သူတွေကတော့ ရန်ကုန်၊မန္တလေး ဘက်တွေကိုပို့ကြတယ်။ အဓိက ပြည်တွင်းစျေးကွက်ကိုပဲရှာနေရတယ်။ တရုတ်က ပြန်ဖွင့်မယ်ပြောနေတာကြာပါပြီ၊ အခုထိ မဖွင့်သေးပါဘူး” ဟု ဖရဲကုန်သည်တစ်ဦးကပြောသည်။ ပြည်တွင်း၌ ဖရဲသီးတစ်လုံးလျှင် အလုံးပေါ်မူ တည်ကာ ပျမ်းမျှ (၁,၇၀၀ - ၃,၀၀၀) ခန့် ရောင်းချလျက်ရှိပြီး နေရာဒေသအလိုက် စျေးနှုန်းပြောင်းလဲ ရောင်းချလျက်ရှိကြောင်းသိရသည်။ လက်ရှိ မူဆယ်ကုန်စည်ဒိုင်များတွင် ဖရဲသီးဝင်ရောက်မူ မရှိသလောက်ဖြစ်နေပြီး စျေးကွက်လည်းမရှိကြောင်း သိရသည်။

⏭“တရုတ်ဘက်ကလုံးဝမဖွင့်တော့ အရောင်းအဝယ်လဲမရှိဘူး။ ပြည်တွင်းအခွန်လေးဆောင်ပြီး မူဆည်တို့ နမ့်ခမ်းတို့မှာလာပြီးရောင်းနေကြတာပဲတွေ့တယ်။ (၁၀)လပိုင်းဆို ဖရဲကစပေါ်ပြီး (၁၁)လပိုင်းဆို လှိုင် လှိုင်ပေါ်ပေါ်လို့ စျေးကွက်တွေစနေပြီ။ အခုက မူဆယ်မှာ ဖရဲစျေးကွက်မဖြစ်ဘူး ။ တရုတ်က ဒီလ (၁၅)ရက်နေ့ ပြန်တော့ဖွင့်မယ်ကြားတယ် ၊ ဝမ်တိန်မှာပိုးတွေလို့လဲကြားတယ်။ အမျိုးမျိုးသတင်းတွေ ကြားနေရတယ်” ဟု မူဆယ်၁၀၅မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ခံဒေါ်ရီရီခိုင် ကပြောသည်။ ပြီးခဲ့သည့်နှစ် ဖရဲစတင်ပေါ်ချိန်တွင် မူဆည်နယ်စပ်သို့ တစ်ပတ်လျှင်ဖရဲကားအစီးရေ ၁၀၀ကျော် ခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင်၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်းကုန်သည်များထံကနေသိရသည်။

⏭ပြည်တွင်း၌ တရုတ်နယ်စပ်ဂိတ်များပြန်မဖွင့်ချိန် စျေးကွက်သို့ ဖရဲသီးဝင်ရောက်မှုများပါက စျေးကျ ဆင်းနိုင်မည်ဖြစ်ပြီး ပြည်တွင်းစိုက်ပျိုးမှုနည်း၍စျေးကွက်တွင်း ဝင်ရောက်မှုနည်းပါကအနည်းငယ် စျေးကောင်းနိုင်မည်ဖြစ်ကြောင်းသုံးသပ်ကြသည်။ Covid-19ရောဂါကာလ မြန်မာ-တရုတ်ကုန်သွယ်ရေး မှာ ဆုံးရှုံးမှုတွင် (၁၀၀)%ဆုံးရှုံးမှုမှာ မြန်မာတောင်သူများသာဖြစ်သောကြောင့် ကိုဗစ်ကာလ လမ်း ပိုင်းဝင်ဆန့်မှု၊ ဝယ်လိုအားအခြေအနေများကိုချိန်ဆစိုက်ပျိုးထုတ်လုပ်တင်ပို့ဖို့လိုအပ်ကြောင်း၊ ယခု နှစ်ရာသီမှာစိုက်ပျိုးထုတ်လုပ်တင်ပို့မှုပမာဏကို(၅၀)%အောက်အထိလျှော့ချဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွါးမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ပြောထားသည်။ ဝယ်လိုအားထက် ပိုထုတ်လုပ်ခဲ့မှုများကြောင့် ပြီးခဲ့တဲ့နှစ်က အထိနာခဲ့ခြင်းဖြစ်၍ ယခုနှစ်စိုက်ပျိုးမည်ဆိုပါက အရည်အသွေးကောင်းကောင်း နည်းနည်းနှင့် ကျဲကျဲထိုးဖောက်သင့်ကြောင်း အကြံပြုထားသည်။

⏭၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ဖရဲကားအစီးရေ (၃၀,၀၀၀)စီး ၊ သခွားကား (၁၂,၀၀၀)စီး တင်ပို့ခဲ့ကြောင်း သိရှိရပြီး လမ်းခရီးကြာ၍အတွင်းပိုင်းမှာရောင်းမရတော့သဖြင့်သွန်ပစ်ရခြင်း၊ ကားခတောင်မရပဲ ရောင်းခဲ့ရသည့် ဖရဲ၊သခွားမှာ အဆိုပါကားအစီးရေ ၏ထက်ဝက်ထိရှိခဲ့ကြောင်းသိရသည်။ ဖရဲသီးအား ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်းစသည်တို့တွင် အဓိကစိုက်ပျိုးပြီး အခြားတိုင်း နှင့်ပြည်နယ်တော်တော်များများတွင်လည်း စိုက်ပျိုးလျက်ရှိသည်။

⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)