menu

“မြန်မာ့စိန်တလုံးသရက် စင်ကာပူနိုင်ငံစျေးကွက်သို့ စတင်တင်ပို့”


🥭🥭🥭🥭🥭🥭🥭🥭🥭🥭

▶️အရည်အသွေးကောင်း မြန်မာ့စိန်တလုံးသရက်သီးကို မေ (၇) ရက်မှ စတင်ကာ စင်ကာပူနိုင်ငံ စျေးကွက်သို့ လေကြောင်းဖြင့်လည်းကောင်း ၊ မေ(၉) ရက်တွင် သင်္ဘောလိုင်းဖြင့်လည်းကောင်း အသီးသီး စတင်တင်ပို့နေပြီဖြစ်ကြောင်း ပလိပ်မြို့ သဇင်နွယ်သရက်ခြံမှ သိရသည်။

▶️“စင်ကာပူလေကြောင်းလိုင်းနဲ့က အရင်ကလည်း တင်ပို့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကတော့ မတင်ပို့နိုင်ခဲ့ပေမယ့် အရင်ဝယ်လက်ဟောင်းတွေနဲ့ပဲ အခု ပြန်တင်ပို့နေတာပါ။ တောင်သူတွေ တရုတ်စျေးကွက်မှာတွက်ခြေမကိုက်ပေမယ့် အရည်အသွေးကောင်းရင် ကောင်းသလို စျေးကောင်းပေးဝယ်ပါတယ်။ သဇင်နွယ်ခြံအနေနဲ့ သရက်သီးကို အရည်အသွေးအလိုက် အကုန်ဝယ်ပေးတာဖြစ်လို့ လာရောင်းတဲ့ တောင်သူတွေအတွက် အသီးတိုင်း ငွေဖြစ်ပါတယ်။ သရက်သီးတွေကို အရွယ်အစားအလိုက် ပို့ကုန်တင်တာတင်၊ ပြည်တွင်းရောင်းတာရောင်း၊ သရက်သီးအနှစ်အတွက်လည်းဝယ်ယူပေးတာဖြစ်လို့ တောင်သူတွေ အဆင်ပြေစေပါတယ်။ အကျိုးအမြတ်ထက် ပြည်တွင်းစိန်တလုံးကို နိုင်ငံတကာစျေးကွက်မှာ ပေါက်စေချင်တာပါ။ ဒါမှရည်ရှည်မှာ သရက်တောင်သူတွေ စျေးကွက်အသစ်နဲ့ စျေးကောင်းရရှိမှာပါ။ ထုပ်ပိုးတင်ပို့မှု စနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ ပြုပြင်တင်ပို့ရပါတယ်” ဟုသဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင်က ပြောသည်။

▶️ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံစျေးကွက်သို့ ယခင်ကဲ့သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်းမရှိတော့ သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်စျေးဝယ်ယူကာ တင်ပို့နေကြသကဲ့သို့ စင်ကာပူနိုင်ငံစျေးသို့ တင်ပို့ရန် အရည်အသွေးကောင်းသရက်သီးများ ရွေးချယ်ဝယ်ယူကာ တင်ပို့မှုများလည်း ရှိနေသည်။ လက်ရှိအချိန်တွင် ပြည်တွင်းစျေးကွက်မှာလည်း ယခင်နှစ်ထက် စျေးပိုမိုရရှိနေသော်လည်း သရက်ခြံအများစုမှာ နှစ်နှစ်ဆက်တိုက် စျေးကွက်ပျက် စျေးကောင်းမရှိခဲ့ခြင်းကြောင့် ခြံပြုပြင်မှု နည်းပါးခြင်း၊ သွင်းအားစုသုံးစွဲမှုလျော့ချထားခြင်း၊ သရက်သီးအိတ်စွပ် အရေအတွက်လျော့နည်းခြင်း များကြောင့် ယခင်နှစ်ထက် သရက်သီးထွက်ရှိမှုလျော့ကျနေကြောင်း မြန်မာ့သရက် စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

▶️“စျေးကွက်က နှစ်နှစ်ဆက်တိုက်စျေးကောင်းမရတော့ တောင်သူတွေ ခြံပြင်ဆင်မှုအားနည်းတယ်။ သွင်းအားစုစျေးတွေတက်တော့ ဒီအတိုင်းပစ်ထားတာများတယ်။ အချို့လည်း အိတ်စွပ်ကြပါတယ်။ ဒါပေမယ့် ၅၀ရာခိုင်နှုန်းတောင် မပြည့်ချင်ဘူး။ ဒီနှစ်မှာတော့ အသီးအထွက်နည်းတော့ စျေးကောင်း ရကြပါတယ်။ ကုန်ကျစရိတ်တွေလည်းမြင့်တော့ တောင်သူတွေကတော့ စျေးရတယ်ဆိုပေမယ့် ဒုံရင်းအတိုင်းပါပဲ။ လာမည့်နှစ်တွေမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ကောင်းရင်တော့ စျေးကွက် မြင့်မားလာမှာပါ။ သရက်သီးစျေးကွက်က ဒီနှစ် ပြည်တွင်းကိုပြန်ရွေ့လာတဲ့ သဘောတော့ဖြစ်လာပြီ။ မူဆယ်ပွဲရုံတွေ ခြံတွေ အရောက်ဆင်းဝယ်သလို၊ အခြားပို့ကုန်သမားတွေလည်း စျေးမြင့်ပေး ဝယ်လာပါတယ်။ ပို့ကုန်ဖြစ်ဖြစ် ပြည်တွင်းရောင်းရောင်း သရက်သီးကတော့ အိတ်စွပ်သီးမှာပဲ စျေးကောင်းရပါတယ်” ဟု ၎င်းကပြောသည်။

▶️ယခင်နှစ်က သရက်သီးပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု၊ နိုင်ငံရေးအပြောင်းအလဲများ ကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှုလျော့ကျခဲ့ပြီး ပြည်တွင်း စျေးကွက်တွင်သာရောင်းချခဲ့ရသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း ယွမ်ငွေ စျေးမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံစျေးကွက်တွင် စိန်တလုံးသရက်သီး ၁၆ကီလို တစ်ခြင်း ယွမ် ၁၀၀ကျော်၊ မြန်မာငွေ ကျပ် ၃၂,၀၀၀ ခန့် ကြမ်းခင်းစျေးပေါက်စျေးရှိကာ တောင်သူများ စျေးကောင်း ရရှိလာခြင်းဖြစ်သည်။ ပြည်တွင်းစျေးကွက်တွင်လည်း ၃၀၀-၃၅၀ ဂရမ်သရက်သီးတစ်လုံး ကျပ် ၆၀၀-၇၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

▶️သစ်သီးဝလံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)