menu

မြန်မာ့စိန်တလုံးသရက်ကို ပြည်ပတင်ပို့ရန် ဝယ်ယူသွားမည်


🥭🥭🥭🥭🥭🥭🥭🥭🥭🥭

✅ မြန်မာ့စိန်တလုံးသရက်ကို ပြည်ပတင်ပို့ရန်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့စိန်တလုံးသရက်ကို ၂၀၁၉ ခုနှစ်ကိုဗစ်ကာလကတည်းကစတင်ကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ တန်နှင့်ချီပို့ဆောင်နေခြင်းဖြစ်ရာ ယခုနှစ်တွင်လည်း ပြည်ပနိုင်ငံများသို့ တင်ပို့ရန် အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို အရည်အသွေးအလိုက် ဈေးကောင်းပေးဝယ်ယူသွားမည်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် သဇင်နွယ်သရက်ခြံမန်နေဂျာ ဦးဌေးအောင်က ပြောသည်။

✅ "လာမည့်ရာသီမှာ စိန်တလုံးသရက်သီးတွေ ဈေးကောင်းပေးဝယ်သွားမှာပါ။ လက်ရှိအချိန်မှာ ပေါက်ဈေးဖွင့်လှစ်နိုင်ခြင်းမရှိသေးပေမယ့် သင်္ကြန်ပြီးနောက်ပိုင်းဈေးဖွင့်သွားမှာပါ။ ရောင်းချလိုတဲ့ သရက်ခြံပိုင်ရှင်များအနေနဲ့ ကြိုတင်ဆက်သွယ်ပြီး ရောင်းချနိုင်မည့်ဧက၊ ရောင်းချမည့်အချိန်တို့ကို ကုမ္ပဏီနဲ့ ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ Export တင်ပို့မှာဖြစ်လို့ အရည်အသွေးကောင်းဖို့လိုအပ်ပါတယ်။ မဖြစ်မနေသရက်သီးအိတ်စွပ်ဖို့လိုအပ်ပါတယ်။ အိတ် လိုအပ်လျှင်လည်း ကုမ္ပဏီကို ဆက်သွယ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။

✅ ယခုနှစ်တွင် ရာသီဥတုကြောင့် အပွင့်အားကောင်းသော်လည်း အသီးတင်နှုန်းနည်းနေကြောင်း သရက်ခြံရှင်များထံကသိရသည်။ မြန်မာစိန်တလုံးကို တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့နေသော်လည်း ယခုနှစ်တွင် သယ်ယူစရိတ်များကြီးမြင့်မှုများကြောင့် ပြည်တွင်းဈေးကွက်ကိုသာအားထား ရောင်းချရမည့် အခြေအနေဖြစ်နေသည်။

✅ သဇင်နွယ်ကုမ္ပဏီမှ Exort အရည်အသွေး စိန်တလုံးသရက်သီးများကိုရွေးချယ်ကာ စင်ကာပူ နိုင်ငံသို့ အအေးခန်းကွန်တိန်နာများဖြင့် ၂၀၁၉ ခုနှစ်ကတည်းက တင်ပို့နေခြင်းဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ်တွင်လည်း တင်ပို့ရန်အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

✅ ယခင်နှစ်က သရက်သီးရှားတော့ အနိမ့်ဆုံးဈေးတန်းမှာ တစ်တန်လျှင် ငွေကျပ်၁၂သိန်းနှင့် အရည်အသွေးအလိုက် အမြင့်ဆုံးငွေကျပ် ၁၅ သိန်းခန့်အထိပေးဝယ်ခဲ့ကြောင်း သိရသည်။

✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)