menu

“မြန်မာသစ်သီးပို့ကုန်များအတွက် Green Channel တင်ပို့ခွင့်ကို တရုတ်ကခွင့်ပြုလိုက်ပြီ”


🍉🍈🍉🍈🍉🍈🍉🍈🍉🍈🍉

✔️ မြန်မာသစ်သီးပို့ကုန်သမားများနှင့် တောင်သူများတောင်းဆိုထားသော Green Channel တင်ပို့ခွင့်ကို တရုတ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် သစ်သီးဝလံများမှာ ရက်ကြာကြာအထားမခံသောကြောင့် မေလ(၉) ရက် နေ့မှစတင်ကာ Green Channel(အစိမ်းရောင်လမ်းကြောင်း)ဖြင့် တရုတ်ဘက်မှ လမ်းပိုင်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

✔️ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိနှိုင်းပြီးနောက် ယခုကဲ့သို့ Green Channel ဖြင့် သစ်သီးဝလံကုန်စည်များအား စေလွှတ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။ “တရုတ်ဘက် Borderလိုင်းမှာ Normal Trade စနစ်ပြောင်းလိုက်တော့ သရက်သီးကားတွေက တရုတ် ဘက် စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတယ်။ ရောင်းကွင်းထဲမရောက်ဘဲ (၅) ရက်လောက် ကားပေါ်မှာ ကြာသွားရော။ အသီးတွေကမလတ်ဆတ်ရင် သူတို့ပေးဈေးပဲ ရတယ်။ ကုန်စိမ်းဆိုတာက လမ်းပိုင်းကြံ့ကြာလို့မဖြစ်ဘူး” ဟု မူဆယ်(၁၀၅) မိုင်၊ ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

✔️ ပြီးခဲ့သည့် မေလ (၇) ရက်နေ့က သစ်သီးကားများ တရုတ်ဘက်သို့များစွာဝင်ရောက်သွားနိုင်သော်လည်း အရောင်းကွင်းတွင် တရုတ်ဘက်မှအကောက်အခွန်စစ်ဆေးမှု (၂)ရက်ကျော် ကြံ့ကြာခဲ့သဖြင့် ပြည်တွင်းမှ တင်ပို့သည့်သစ်သီးများမှာ မလတ်ဆတ်သည့်အခြေအနေသို့ရောက်ရှိပြီး ဈေးကွက်ပေါက်ဈေးနိမ့်ကျ ကြောင်း သိရသည်။

✔️ “နှစ်နိုင်ငံ ညှိနှိုင်းမှုအဆင်ပြေသွားလို့ သစ်သီးကားတွေပုံမှန်ဖြစ်သွားပေမယ့် ဈေးတန်းမရခဲ့ဘူး။ လမ်းပိုင်းကြံ့ကြာရင် အရည်အသွေးကောင်းတွေတင်ပို့ပေမယ့် မလတ်ဆတ်တော့လို့ ဈေးမရပြန်ဘူး။ ဒါကြောင့် ဈေးကွက်က လမ်းပိုင်းနဲ့တိုက်ရိုက်သက်ဆိုင်တယ်” ဟု ဆက်လက်ပြောကြားသည်။

✔️ အဆိုပါကြံ့ကြာခဲ့မှုဖြစ်စဉ်ကြောင့် မေလ(၉)ရက်နေ့က ဖရဲသီး(အစီးပြတ်) ဈေးမှာ တရုတ်ယွမ်ငွေ ၄၀,၀၀၀ မှ ၆၀,၀၀၀၊ စိန်တလုံးသရက်သီးအမှည့် ယွမ် ၆၀ မှ ၁၀၀ ၀န်းကျင်နှင့် လတ်ဆတ်ပါက ယွမ် ၁၀၀ မှ ၁၃၀ ထိရရှိပြီး ထိုနေ့ဈေးကွက်တွင် လတ်ဆတ်သည့် စိန်တလုံးသရက်မှာ အနည်းစုသာရှိခဲ့သည် ဟု ဆိုသည်။

✔️ ထိုသို့ ခွင့်ပြုမှုကြောင့် မြန်မာလတ်ဆက်သီးနှံများ စျေးတန်းအမြင့်တစ်ခုရရှိနိုင်ရန် မျှော်လင့်ထားသော် လည်း သစ်သီးစျေးကွက်မှာ တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းသို့ သွားရောက်ရောင်းချနေရဆဲဖြစ်သည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း