menu

မန္တလေးတိုင်းတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် တိုးမြှင့်ချေးပေးရန် ဆောင်ရွက်နေ♦️


🌿🌶🌿🥜🌿🧅🌿🍅🌿🌽🌿 

☑️မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်ကထက် ကျပ်လေးဘီလျံကျော် တိုးမြှင့်ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။ 

☑️ယခင်နှစ်က ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ၁၉ဒဿမ၈ဘီလျံကျော် ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ၂၄ဒဿမ၆ဘီလျံကျော် အထိ ထုတ်ချေးပေးရန် စီစဉ်နေခြင်းဖြစ်သည်။  

☑️"မနှစ်ကထက် ၄ဒသမ၈ဘီလျံ (တိုးမြှင့်) ထုတ်ချေးပေးသွားဖို့ လျာထားဆောင်ရွက်နေပါတယ်။ နှစ်အလိုက် ချေးငွေရယူလိုတဲ့ တောင်သူတွေအတွက် အခုလို တိုးမြှင့်ထုတ်ချေးပေးဖို့ စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။  

☑️စိုက်ပျိုးရေးစရိတ်များကို တိုင်းဒေသကြီးအတွင်းမြို့နယ်များဖြစ်သည့် အမရပူရ၊ မန္တလေး၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်း၊ သာစည်၊ မြင်းခြံ စသည့်မြို့နယ်တို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလလယ်ပိုင်းမှ စတင်ကာ ၂၀၂၁ခုနှစ် ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

☑️ချေးငွေ ပြန်လည် ပေးဆပ်ရမည့်ကာလအား ၂၀၂၁ခုနှစ်စက်တင်ဘာ ၁၅ရက် နောက်ဆုံးထား သတ်မှတ်ထားကြောင်း နှင့် အတိုးနှုန်းအနေဖြင့် တစ်နှစ်စာအတွက် ငါးရာခိုင်နှုန်းသတ်မှတ်ထားရှိပြီး၊ သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ငွေကျပ်တစ်ရာလျှင် ပြားငါးဆယ် ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။ 

☑️"နိုင်ငံတော်က ထုတ်ချေးပေးတဲ့ငွေဖြစ်တဲ့အတွက် မဆပ်မနေရ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ လျှော်ပေးလို့လည်း မရပါဘူး" ဟု ၎င်းက ပြောသည်။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေများကို သက်ဆိုင်ရာ ဘဏ်ခွဲအသီးသီးမှတစ်ဆင့် စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိပြီး စပါးသီးနှံအတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းထုတ်ချေးပေးလျက်ရှိသည်။ 

Sources: The Farmer Media.