menu

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ပဲမာလိုင်းများဈေးမြင့်တက်နေ .....


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

☑️ပို့ကုန်ပဲများ ပြည်ပတင်ပို့မှုကောင်းနေတာကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများ ဝယ်လိုအားကောင်း အမြင့်ဈေးဖြစ်လာသလို ပြည်တွင်းသုံး ပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

☑️ပြည်ပသင်္ဘောတင်ပို့မှုနှင့် ဒေါ်လာငွေဈေးအပြောင်းအလဲကို စောင့်ကြည့်ဝယ်ယူနေသည့် ပို့ကုန် သမားများနှင့် ပြည်တွင်းလှောင်လက်သမားများ ဖေဖော်ဝါရီလဆန်းပိုင်းရက်များတွင် ဝယ်လိုအား သိသိသာသာ ကောင်းလာသလို ပဲ၊ နှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံ ဈေးကောင်းရရှိနေကြောင်း ယခင်နှစ် ကာလတူထက် ပဲ၊ နှမ်းတစ်အိတ် ငွေကျပ် ၅၀,၀၀၀ခန့် ဈေးပိုမို ရရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

☑️“အသစ်ဝင်ပဲဈေးကွက်က အကုန်လုံး ဈေးကောင်းအဝယ်သွက်နေပါတယ်။ ပို့ကုန်ပဲအားလုံးရော တရုတ်လိုင်းပဲအားလုံး၊ ပြည်တွင်းသုံးပဲမာလိုင်း အကုန်ဈေးမြင့်တက်လာပါတယ်။ ကာလတူ မနှစ်က ပဲဈေးတွေထက် လက်ရှိပဲရာသီအသစ်မှာ ပဲဈေးတွေက တစ်အိတ် ငွေကျပ် ၅၀,၀၀၀ ဝန်းကျင် ပိုမိုမြင့်မားနေပါတယ်။ အရင်နှစ်တွေက ပို့ကုန်ပဲတွေလောက်ပဲ ဈေးမြင့်နေတာမျိုးနဲ့ ပြည်တွင်းသုံး ပဲတွေက ဈေးကျဆင်းနေတာမျိုးဖြစ်ခဲ့တာ၊ အခုတော့ ပို့ကုန်ပဲတွေနဲ့အတူ ပြည်တွင်းသုံး ပဲတွေပါ လိုက်ပါ ဈေးမြင့်တက်လာပါတယ်” ဟု ၎င်းက ပြောသည်။ သို့သော်လည်း တောင်သူများ အနေဖြင့် သွင်းအားစုများ အပါအဝင်၊ သယ်ပို့စရိတ်အလုပ်သမားစရိတ်များလည်း မြင့်မားနေတာကြောင့် အကျိုးအမြတ် ရသင့်သလောက်မရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “တောင်သူတွေ ပဲအမြင့်ဈေးရသလို စိုက်ပျိုးထုတ်လုပ်စရိတ်တွေလည်းမြင့်မားနေတာပါ။ အလုပ်သမားစရိတ် သယ်ယူပို့ ဆောင်စရိတ်တွေလည်း မြင့်လာတော့ အကျိုးအမြတ်ရှိတယ်ဆိုရုံလောက်ပါ။ ဖေဖော်ဝါရီလဆန်း ပိုင်းမှာတော့ ပို့ကုန်ပဲတွေအပြင် ပြည်တွင်းသုံးပဲမာတွေ ဈေးကောင်းနေတာမို့ ပဲ၊နှမ်းဈေးကွက် တစ်ခု လုံး အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။

🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘

ပြည်ပသင်္ဘောတင် ပို့ကုန်လိုင်းအဆင်ပြေလာသလို ဒေါ်လာဈေးကောင်းလာတာကြောင့်လည်း ပို့ကုန်ပဲများ တဖြည်းဖြည်းဈေးမြင့်တက်လာရာ ဖေဖော်ဝါရီ (၁)ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၃,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၈၀,၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ်၂၂၀,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅,၀၀၀ ပေါက်ဈေးရှိသည်။

🥜နှမ်း နှင့် မြေပဲ🥜

နယ်စပ်တင်ပို့မှုထက် ပင်လယ်ရေကြောင်းသင်္ဘောတင်ပို့မှုက ပိုမိုစရိတ်သက်သာတာကြောင့် ရန်ကုန်လိုင်း အဝယ်လိုင်း အဝယ်ကောင်းနေရာ နှမ်းဖြူ (၄၅)ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်(စမုံ)မှာ တစ်အိတ် ငွေကျပ် ၃၀၅,၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၇,၂၀၀၊ ဆီဆံ တစ်ပိဿာ ငွေကျပ် ၆,၁၀၀ ပေါက်ဈေးထိ အမြင့်ဈေးဖြစ်လာသည်။

☑️ပို့ကုန်ပဲများ ဈေးကောင်းရရှိတာနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းများလည်း သိသိသာသာ အမြင့်ဈေးသို့ ရောက်ရှိလာရာ ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၄၈,၅၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ပဲဇီးကွက်တစ်အိတ်လျှင် ငွေကျပ် ၁၄၇,၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

☑️သီးနှံဈေးကွက် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း