menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲ၊ ပဲတီစိမ်းရဲ့ ဖွားဖက်တော် အဝါရောင်မိုစေ့ရောဂါ သတိပြုကာကွယ်ပါ
မနှစ်က ပဲတီစိမ်းစိုက်ပျိုးချိန် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ကို ရောက်ခဲ့တယ်။ ပဲတီစိမ်းဧက ၃၀ စိုက်ပျိုးတဲ့ လယ်သမားကြီးဦးမြသောင်းက “ကျွန်တော်တို့ ပဲတီစိမ်း စိုက်လာကြတာ နှစ် ၂၀ ကျော်ခဲ့ပြီဆရာ။ အခု နှစ်နှစ်၊ သုံးနှစ်ရှိပြီ။ ပဲပင်တွေ ကိုင်းထွက်ပွင့်ဖူးထိုးခါနီးမှ အပေါ်အရွက်တွေ အဝါရောင်ဖြစ်ပြီး နူကုပ်သွားတယ်။ ပဲထွက်လည်း သိသိသာသာလျော့သွားတယ်ဆရာ။ နည်းပညာလေးပေးခဲ့ပါဦး“လို့ စကား စလိုက်ပါတယ်။ စာရေးသူက ပဲရွက်ထိပ်တွေ ဝါကုပ်နေတဲ့ပဲပင်ကို နုတ်ယူပြီး သေချာ ကြည့်လိုက်ပါတယ်။ တရားခံတွေ့ပါပြီ။
ကဲ. . . ကဲ လယ်သမားကြီးများလည်း စုံတုန်း ဒီပဲပင်ဝါကုပ်ဖြစ်နေတဲ့ကိစ္စ ဒီလိုဗျ။ ဒီလိုပဲပင်ရဲ့ ထိပ်အရွက်တွေ အဝါရောင်ဖြစ်ပြီး နူသလို ကုပ်ဝင်နေတာကတော့ “အဝါရောင်မိုစေ့“ ရောဂါလို့ ခေါ်တယ်ဗျ။ ဒီရောဂါဟာ ယင်ဖြူဆိုတဲ့ အကောင်လေးက ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို သယ်ယူလာပြီး အပင်ကို စုပ်စားရင်း ရောဂါပိုးဝင်လို့ ဖြစ်လာရတာဗျ။ မတ်ပဲမှာလည်း ဖြစ်တယ်။ ဟော ဒီမှာကြည့်ဆိုပြီး စာရေးသူကပဲတီစိမ်းပင်ကို လက်နဲ့ရိုက်ခါပြလိုက်တဲ့အခါ ယင်ကောင်ဖြူဖြူသေးသေးလေးတွေထွက်လာတယ်။ တွေ့လား။ ဒီယင်ကောင် ဖြူဖြူလေးတွေဟာ အလွန်သေးငယ်တဲ့အတွက် မြင်ရခက်ပါတယ်။ ပဲတီစိမ်းစိုက်ပြီဆိုတာနဲ့ ဖွားဖက်တော်လိုပဲ စိုက်ခင်းထဲမှာ ပျံဝဲနေကြပြီး အထီး၊ အမ မိတ်လိုက်တယ်။
တောင်သူလယ်သမားကြီးတွေက အကောင်လေးတွေက သေးငယ်လွန်းလို့ ပဲပင်ဖျက်မယ့်ပိုးလို့တောင် မသိကြဘူးပေါ့ဗျာ။ ဒီရောဂါက မြန်မာနိုင်ငံမှာတင်မကဘူး၊ အရီဇိုးနား၊ တောင်အမေရိက၊ အာဖရိက၊ အိန္ဒိယနိုင်ငံတွေမှာ ဆိုးဆိုးရွားရွားဖြစ်တာ တွေ့ရတယ်ဗျ။ ယင်ဖြူရဲ့ဘဝသက်တမ်းဟာ ဥကနေ အကောင်ကြီးအထိ တစ်လခွဲကြာတယ်။ ယင်ဖြူအမဟာ အထီးထက် ဗိုင်းရပ်စ်ပိုး ပိုပြီးသယ်ယူနိုင်တယ်။ အထီးနဲ့အမ မိတ်လိုက်ရင်လည်း အမထဲက ဗိုင်းရပ်စ်ပိုးဟာ အထီးခန္ဓာကိုယ်ထဲကို ကူးသွားနိုင်တယ်။ ယင်ဖြူအထီး၊ အမတွေဟာ နေ့အချိန်မှာအပင်ပေါ်တက်ပြီး အရွက်ကအစာကို စုပ်ယူတယ်။ ညအချိန်မှာ အရွက်အောက်မျက်နှာ ပြင်မှာ စုဝေးနေကြတယ်။
ပဲပင်တွေကို ခါလိုက်ရင် ဖွေးခနဲထပျံတာ တွေ့ရတယ်။ ယင်ဖြူအထီး၊ အမဟာ ပဲပင်ကို အစာစုပ်ရင်တစ်ကြိမ်မှာ ၁၀ မိနစ်ကနေ မိနစ် ၃၀ အထိကြာတတ်တယ်ဗျ။ အပင်က ပင်ရည်အစာကို စုပ်ချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးကို အရွက်ထဲမှာ ချန်ထားပစ်ခဲ့တယ်။ အဲဒီဗိုင်းရပ်စ်ပိုးက အရွက်တွေဝါကုပ်ပြီး အဝါရောင်မိုစေ့ရောဂါ ဖြစ်စေတာပဲဗျ။ အဓိက ဒီရောဂါရဲ့ တရားခံက ယင်ဖြူ အထီး၊ အမတွေပဲဗျ။ ဒီရောဂါဟာ ပဲပင်ပွင့်ဖူးဝင်ခါနီးအချိန်မှာ ဖြစ်တတ်တဲ့အတွက် အဖူးအပွင့်မထွက်နိုင်တော့ဘူး။ အသီးလည်း မသီးနိုင်တော့ဘဲ အထွက်ကျသွားတာပေါ့ဗျာ။
ဆိုးဆိုးရွားရွားဖြစ်ခံရရင်တော့ ၅၀-၆၀ ရာခိုင်နှုန်းထိ အထွက်ထိခိုက်နိုင်တယ်ဗျ။ ပဲတီစိမ်းရောဂါကို ဘယ်လိုကြိုတင်ကာကွယ်မလဲ။ နည်းကတော့ ဆေးရွက်ကြီးဇီဝပိုးသတ်ဆေးရည် အသုံးပြုဖို့ပဲ။ ဆေးရွက်ကြီးဇီဝပိုးသတ်ဆေးရည်ဟာ လွယ် လွယ်ဝယ်ယူလို့ရတဲ့ ပစ္စည်း၊ လွယ်လွယ်လုပ်လို့ရတဲ့နည်း၊ ဓာတုဓာတ်ကြွင်းအာနိသင်လည်းကင်း၊ ဓာတုပိုးသတ်ဆေးထက်ကုန်ကျစရိတ်သက်သာတဲ့အတွက် တစ်ဧကကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ် များများရရှိနိုင်တယ်ဗျ။
ဆေးရွက်ကြီး ဇီဝပိုးသတ်ဆေးရည်ပြုလုပ်ပုံကတော့ ပဲခင်းတစ်ဧကအတွက် ဆေးရွက်ကြီးအမှုန့် တစ်ပိဿာကို ရေသုံးဂါလန်မှာ တစ်ညသိပ်စိမ်ပါ။ အဖုံးလုံအောင်အုပ်ထားပါ။ နောက်ရက်မှာ ဆေးရည်ကို ပိတ်ပါးစ (သို့) ပိတ်ပါးရေစစ် (သို့)စွပ်ကျယ်စနဲ့ စစ်ပါ။ ရလာတဲ့ဆေးအရည်ကို ဆေးရည်တစ်လီတာနဲ့ ရေလေးဂါလန်နဲ့ရောပြီး ပဲပင်နှစ်ပတ်သားကစပြီး တစ်ပတ်တစ်ကြိမ် ယင်ဖြူမလာခင် သုံးကြိမ်ခန့် ကြို တင်ဖျန်းပေးပါ။ ယင်ဖြူလုံးဝမလာတော့ဘဲ ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနတွေ့ရှိချက်ပဲဗျာ။
-အောင်ဆန်း(စိုက်ပျိုးရေး) အတွဲ(၂၆) အမှတ်(၃၇၈)၊ နိုဝင်ဘာ ၁၁ - ၁၇၊ ၂၀၁၉ ခုနှစ်
-မြန်မာတောင်သူကြီးများဂျာနယ်