menu

မတ်ပဲဈေးနှုန်း ဖြည်းဖြည်းချင်းတက်လာ


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

🔘ယခင်က မတ်ပဲဈေးနှုန်းသည် အဓိကပြည်ပဝယ်လက်နိုင်ငံ၏ပြည်တွင်းပေါက်ဈေးနှုန်းပေါ်တွင်အဓိက မူတည်သော်လည်း ယခုအခါ မတ်ပဲအပါအဝင်ကုန်ပစ္စည်းဈေးနှုန်းများအားလုံးသည် အစိုးရက ချမှတ်သောပို့ကုန်သွင်းကုန်မူဝါဒနှင့် မြန်မာငွေကြေးဈေးနှင့် ဒေါ်လာပေါက်ဈေးများအပေါ်တွင်လည်း မူတည်လျှက်ရှိသည်။

🔘ဧရာဝတီတိုင်းဒေသကြီး၏ ပြီးခဲ့သည့်သီတင်းပတ်အတွင်းမတ်ပဲတစ်တင်းပေါက်ဈေးနှုန်းများမှာ ဇွန်လ(၁) ရက်နေ့တွင် ကျပ် ၄၇,၆၀၀၊ (၂) ရက်နေ့တွင် ကျပ် ၄၈,၆၀၀၊ (၃) ရက်နေ့တွင် ကျပ် ၄၈,၄၀၀၊ (၄) ရက်နေ့တွင် ကျပ် ၄၈,၂၀၀၊ (၅) ရက်နေ့တွင် ကျပ် ၄၈,၅၀၀၊ (၆) ရက်နေ့တွင် ကျပ် ၄၈,၅၀၀ နှင့် (၇) ရက်နေ့တွင် ကျပ် ၄၉,၁၀၀ အသီးသီးဖြစ်သည်။

🔘ယခင်လ စတုတ္ထပတ်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၄၇,၀၀၀ ဝန်းကျင်ဖြစ်ခဲ့ပြီး ယခုဇွန်လဆန်းပိုင်း မှာပင် တစ်တင်းလျှင် ကျပ် ၂,၀၀၀ ဝန်းကျင်ဈေးမြင့်တက်လာသော်လည်း မတ်ပဲဈေးမှာ ဈေးတန်း တစ်ခုတွင် ထိန်းညှိထားသကဲ့သို့ အတက်အကျမကြမ်းကြောင်းတွေ့ရသည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲဈေးနှုန်းအများစုသည် MSP နှုန်းအောက်တွင် အရောင်းအဝယ်ဖြစ်နေပြီး အစိုးရအရန်ပဲလုံလောက်စွာ ရှိသဖြင့် ပဲမျိုးစုံ export/import ကိစ္စများတွင် အစိုးရ၏မူဝါဒအပြောင်းအလဲရှိလာရန်မဖြစ်နိုင်သေး ကြောင်း ပြည်တွင်းသတင်းများကဖော်ပြထားသည်။

🔘ပဲမျိုးစုံဈေးနှုန်းကျဆင်းမှုများကြောင့် အိန္ဒိယတောင်သူများက ဆီထွက်သီးနှံ၊ ဝါ နှင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးလာနိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားကြောင်း၊ အချို့ဒေသများတွင် မိုးရရှိမှုနည်းပြီး ဆည်ရေပြတ်လပ်မှုကြောင့် မိုးသီးနှံများအထွက်နှုန်းထိခိုက်နိုင်ကြောင်းလည်း ပြည်တွင်းသတင်းများအရသိရှိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ဝယ်လိုအားမြင့်တက်လာမှုကြောင့် ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေး SQ နှင့် FAQ ဈေးနှုန်းများတက်လာနေသည်။

🔘ထို့ကြောင့် အိန္ဒိယသည် မည်သို့ပင်ဆိုစေကာမူ ပဲလိုအပ်ချက်ရှိမြဲရှိနေမည်ဖြစ်ပြီး မြန်မာမတ်ပဲ ဈေးနှုန်းသည်လည်းအထိုက်အလျှောက်ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိသည်။ သို့သော် လက်ရှိ Export/Import မူဝါဒများနှင့် ငွေကြေးလဲလှယ်မှုပုံစံများအရလည်းကောင်း၊ Exporter များ Importer များအနေဖြင့် လုပ်ငန်းလုပ်ဆောင်မှုအပိုင်းတွင် ကြံ့ကြာမှုအနည်းငယ်ကြုံတွေ့လာရပြီး ရည်ရှည် အကျိုးအမြတ်နည်းပါးလာရခြင်းကြောင့် ပြည်တွင်းမှ ပြည်ပသို့တင်ပို့မည့် ကုန်စည်ဈေးနှုန်းများ ဈေးတန်းတစ်ခုတွင်ထိန်းညှိထားသကဲ့သို့ဖြစ်နေသည်။

🔘မြန်မာတောင်သူများ၏ သွင်းအားစုကုန်ကျစရိတ်သည်လည်း ယခင်ကာလများထက် (၂) ဆ သို့မဟုတ် (၃) ဆနီးပါးပိုမိုကုန်ကျသဖြင့် လက်ရှိအခြေအနေအရ တောင်သူအကျိုးအမြတ်နည်းလျှက်ရှိကာ ဝယ်လိုအားသာရှိ၍ ရောင်းလိုအားနည်းနေပြီး မတ်ပဲဈေးနှုန်းသည်လည်း တစ်တင်းလျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင်တွင်သာရှိနေနိုင်သေးကြောင်းသုံးသပ်ရပါသည်။

🔘သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

7-6-2022