menu

မူဆယ်နယ်စပ်ကုန်သွယ်မှု ယခုလအတွင်း ပြန်လည် စတင်နိုင်မည်


🌿🍃🍉🍈🍋🍃🍋🍈🍉🍃🌿

◾️ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန် ရပ်နားထားသည့် တရုတ်-မြန်မာ မူဆယ်နယ်စပ်ကုန်သွယ်မှု စက်တင်လအတွင်း ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း မူဆယ်သစ်သီးကုန်စည်ဒိုင်မှသိရသည်။

◾️မူဆယ်နယ်စပ်ကုန်သွယ်ရေး အဓိကဂိတ်ပေါက်များကို ဇွန်လဆန်းပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန် ရပ်နားထားခဲ့ရာ ယခုလမကုန်မီ ပြန်လည်တင်ပို့နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်တွင် မူဆယ်(၁၀၅) မိုင် အသီးရောင်းကွင်း အတွင်းမှာ ကုတင် ၁၀၀၀ ဆံ့ ကိုဗစ် စစ်ဆေးကုသ ဆေးရုံကိုတည်ဆောက်နေကြောင်း ယင်းဆေးရုံတွင် ကုန်တင်ကားဆရာများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကုန်သွယ်မှုကို အမြန်ဆုံးပြန်လည် စတင်နိုင်ရန်ဆောင်ရွက်နေကြောင်း မူဆယ်သစ်သီးကုန်စည်ဒိုင်မှ ဦးစိုင်းခင်မောင်ကပြောသည်။

◾️“နယ်စပ်ကုန်သွယ်မှုကို စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်လောက်မှာ ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံကလည်း ကုတင် ၁၀၀၀ ဆံ့မှာ ဒေသခံတွေနဲ့ ကားသမားတွေကို ဦးစားပေး စစ်ဆေးပေးသွားမှာပါ။ ရောဂါပိုးတွေ့ရင် ဆေးရုံတက်ကုရမယ်။ အမြန်စစ်ဆေးပေးသွားမှာပါ။ ဆေးရုံကို စက်တင်ဘာ ၁၅ ရက်နေ့ အပြီးတည်ဆောက်နေပါတယ်။ နယ်စပ်ကုန်သွယ်မှု ပြန်စရင် မြန်မာပို့ကုန် တွေကို တရုတ်နိုင်ငံကကားတွေ လာရောက်လဲလှယ်ယူတဲ့စနစ်ဖြစ်လာမယ်။ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်သွင်းတဲ့ ကုန်ချပြီးရင် မြန်မာပို့ကုန်တွေ ပြန်သယ်၊ တစ်ရက်ကိုကုန်ကား အစီး ၂၀၀ ခန့်သာ ဝင်ထွက်နိုင်မှာပါ။ လက်ရှိမှာ ကုန်သွယ်မှုရပ်နားထားရတော့ ပို့ကုန်မှန်သမျှ အကုန်ရပ်နားထား ရတယ်” ဟု ၎င်းကပြောသည်။

◾️တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုဂိတ်များ အမြန်ဆုံးဖွင့်လှစ်နိုင်မှသာ ပြည်တွင်းလယ်ယာထွက်ကုန်များ တင်ပို့နိုင်မည်ဖြစ်ပြီး လာမည့် ဖရဲ၊သခွားရာသီတွင်တင်ပို့နိုင်ရန် တောင်သူများ ချိန်ဆစိုက်ပျိုးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ဖရဲသခွားစိုက်တောင်သူများကို ယခုနှစ်စိုက်ပျိုးမှုအတွက် မျိုးစေ့လောက်သာ ပံ့ပိုးနိုင်တော့မည်ဖြစ်ပြီး စိုက်ပျိုးမည့်သူများအနေဖြင့် လာမည့်နယ်စပ်ကုန်သွယ်မှု အသီးတင်ပို့ ရောင်းချမည့်စနစ်မှာ အပြောင်းအလဲများရှိလာနိုင်တာကြောင့် ချိန်ဆစိုက်ပျိုးရန်လိုအပ်ကြောင်း ဦးစိုင်းခင်မောင်က ပြောသည်။

◾️မြန်မာဖရဲစိုက်တောင်သူများမှာ ယခင်နှစ်ရာသီက ဖရဲစျေးကွက်မှာ နယ်စပ်ဂိတ်အဝင်အထွက် အခက်အခဲများကြောင့် ဆုံးရှုံးမှုများခဲ့သလို တင်ပို့မှုမှာလည်းလျော့ကျခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် သွင်းအားစု မြေဆီစျေးမြင့်တက်မှုကြီးမားတာကြောင့် စိုက်ပျိုးစရိတ် ယခင်ထက် ပိုမိုကုန်ကျမည့်အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရန် ဒေသအလိုက် တားမြစ်မိန့်များကြောင့် လုပ်သားရှားပါးမှုများရှိခြင်းကြောင့် ဖရဲ ၊သခွားစိုက်ပျိုးမှုမှာ ထူးခြားစွာလျော့ကျနိုင်ကြောင်း တောင်သူ ဦးသစ္စာက ပြောသည်။

◾️“ဖရဲသခွားစိုက်ပျိုးမှုက ဒီနှစ်သွင်းအားစုဆေးမြေဆီစျေးတွေက မနှစ်ကထက် တစ်ဆလောက် စျေးတက်နေတယ်။ အရင်ထက် စိုက်ပျိုးစရိတ်ကထပ်တက်လာမယ်။ နိုင်ငံရေး အပြောင်းအလဲရော ၊ ကိုဗစ်ရောဂါကြောင့် ဒေသအလိုက်အမိန့်တွေက လုပ်သားခေါ်ယူဖို့ ခက်ခဲလာတယ်။ တင်ပို့ရင်လည်း အရင်လို ဂိတ်တွေကကြပ်နေ၊ ကားတွေတန်းနေရရင်လည်း ဆုံးရှုံးနိုင်သေးတယ်။ဒီနှစ်တော့ ဖရဲစိုက်ပျိုးမှုက စောင့်ကြည့်ရဦးမယ်၊ တောင်သူတော်တော်များများကတော့ မစိုက်ပျိုးနိုင်တော့ပါဘူး” ဟု ၎င်းကပြောသည်။

◾️တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို လွယ်ဂျယ်ဂိတ် ၊ကျင်းစန်းကျော့ဂိတ် ၊ ချင်းရွှေဟော်ဂိတ်၊ ကျယ်ခေါင်ဂိတ်များမှ ပုံမှန်တင်ပို့နေပြီး လက်ရှိအချိန်တွင် အရေးကြီး ကျန်းမာရေးသုံး ပစ္စည်းများမှ လွဲ၍ ကျန်ကုန်များကို တင်သွင်းခြင်းမရှိ ကုန်သွယ်မှုရပ်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)