menu

ဆန် နှင့် ဆန်ကွဲ ဈေးကွက်အခြေအနေ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

◾လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ပြီး ပြည်ပဝယ်ယူမူလျော့ကျနေကြောင်း ကုန်သည်များထံမှ သိရသည်။ ယခုနှစ်နွေစပါးမှာ ရာသီဥတုဖောက်ပြန်မူကြောင့် ဆန်အထွက်နှုန်း လျော့ကျလျက်ရှိပြီး နွေပေါ် ဆန်ကြမ်းအသစ်များကို ပြည်ပတင်ပို့ရန် Expoter များ ဝယ်ယူနေသည့် အချိန်လည်းဖြစ်သည့်အတွက် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအပြင် နိုင်ငံခြားငွေလဲလှယ်ရန် ခက်ခဲနေခြင်း ၊ သယ်ယူပို့ဆောင်ရေးအခက်ခဲ ဖြစ်နေခြင်းကြောင့် ဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။

◾“အဓိက အထွက်နှုန်းလျော့ကျသွားတာရယ် ၊ဒေါ်လာဈေးမြင့်တက်နေတာ စတာတွေကြောင့် အခုလို ဈေးမြင့်တက်တာပါ။ ဆန်အိတ် အမျိုးစားပေါ်လိုက်ပြီး တစ်အိတ်ကို ၁,၀၀၀ ကနေ ၂,၀၀၀ ကျော် ထိ မြင့်တက်နေတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီလနှင့် ယှဉ်ပါက လက်ရှိ မေလ စတုတ္ထပတ်တွင် ဆန်ချောဈေး တစ်အိတ်လျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀အထိ မြင့်တက်လာပြီး၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ ၀န်းကျင်ထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

◾မြန်မာနိုင်ငံဆန်ကုန်သည်အသင်းက ထုတ်ပြန်ထားသည့် စာရင်းများအရ မေလ စတုတ္ထပတ် အတွင်း ပေါ်ဆန်းအသစ်(ရှယ်) တစ်အိတ်ကို ကျပ် ၃၇,၀၀၀ ကနေ ၃၈,၅၀၀ ကြား ၊ ဧည့်မထ ၂၅မှတ်ဆန် တစ်အိတ်ကို ကျပ် ၂၀,၅၀၀ ကနေ၂၁,၅၀၀ ကြား ၊ သီးထပ်ရှယ် တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ကြားပေါက်ဈေးရှိကြောင်းသိရသည်။ 

◾လက်ရှိအခြေအနေများကြောင့် ပြည်ပဝယ်ယူမူမှာလဲ လျော့ကျနေကြောင်းလည်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ လျော့ကျခြင်းမှာ ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ကာ လျော့ကျခဲ့ခြင်း ဖြစ်ပြီး ဥရောပနိုင်ငံတွေက ဝယ်ယူမူမရှိသလောက်လျော့ကျခဲ့ခြင်း ဖြစ်သည်။ “လတ်တလော ဆန်ကို တရုတ်နိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများကို တင်ပို့ရောင်းချနေတယ်။ တန်ဆာခတွေ မြင့်တက်တာ ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ပြည်ပတင်ပို့မူလျောကျနေတယ်။ အဓိက က ဥရောပနိုင်ငံတွေက မြန်မာ့ဆန်နဲ့ဆန်ကွဲကိုဝယ်ယူမှု လျော့ကျသွားတယ် '' ဟု ဆန်ကုန်သည် ဦးခင်မောင်လှ ကပြောသည်။
 
◾မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ နှစ်စဉ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂သန်းကျော် ပုံမှန်တင်ပို့လေ့ရှိပြီး မြန်မာ့ဆန်များ ကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိရာ ဖီလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ် အပါ အဝင် ပိုလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံများကိုလည်း တင်ပို့လျက်ရှိကြောင်းသိရသည်။ 

◾စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ အခု၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလလယ်အထိ ပြည်ပကို ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၄သိန်း နီးပါးသာတင်ပို့ထားနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ နှင့် ယှဉ်လျှင်လျော့ကျလျက်ရှိကြောင်းသိရသည်။ 

Credit : မြန်မာတောင်သူကြီးများဂျာနယ်